Friday 9 March 2012

ဆေးဖိုးဖြစ်သွားတဲ့ အဖွားရဲ့ ပင်စင်လစာ

 1.3.2012 နေ့ ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ၌ ပါရှိသော မေးခွန်းများမေးမြန်းခြင်းကဏ္ဍ၌ လွတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဘဏ်လုပ်ငန်းဆိုင်ရာ မေးခွန်း (၂)ခု နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းကပြန်လည်ဖြေကြားခဲ့သည့် သတင်းစာပါအကြောင်းအရာကိုဖတ်ရှုမိပြီး တိုက်တိုက်ဆိုင်ဆိုင် ကျမသည်အဖွားနှင့်အတူ  မြို့ထဲ၇ှိ မြန်မာ့စီးပွားေ၇းဘဏ်ခွဲတစ်ခု သို့ ပင်စင်လစာငွေ သွားရောက်ထုပ်ယူရန်သွားခဲ့သည်နှင့်ပတ်သက်ပြီး ဖြစ်ရပ်မှန်လေးတစ်ခုကိုတင်ပြချင်ပါတယ်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း
သတင်းစာတွင်ပါ၇ှိသည့်အတိုင်း ယခုအစိုးရသစ်လက်ထက်တွင် အငြိမ်းစားလစာထုတ်ယူရမည့်ရက်ကို 2012 ခုနှစ် ဖေဖော်ဝါရီလမှစ၍ လမကုန်မီ (10)ရက်ထုတ်ပေးရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းပါရှိ၍ အဖွားတစ်ယောက်ဝမ်းသာစွာနှင့် အရင်လိုငွေထုတ်ရင်လူအများကြီးကို စောင့်စရာမလိုတော့ပြီ ဆို၍ ကျောင်းဆရာမ ပင်စင်ငွေလေးအားထုတ်ယူရန်သွားရောက်ခဲ့ပါသည်။ 
သို့သော်ဘဏ်ဖွင့်ချိန်အမှီသွားရောက်ခဲ့သော်လည်း ရှေ့တွင်ရှိသော လူအုပ်ကြီးက ဘယ်အချိန်ကတည်းကစောင့်နေမှန်းမသိများစွာ ရှိနေခဲ့ပါသည်။ ထုံးစံအတိုင်း ရှေး၇ိုးမူအတိုင်းပင် လက်ရေးနှင့်ရေးးသွင်း ၊ တန်းစီစနစ်နှင့် ရုံး လုပ်ထုံးလုပ်နည်းအတိုင်းပင်ဘဏ်ဝန်ထမ်းများက လုပ်ပေးနေသော်ငြားလည်း များပြားလှသည့် ပင်စင်စား အသက်အ၇ွယ်ကြီးသူများက ပင်ပန်းစွာနှင့် စောင့်ဆိုင်းနေကြရပါသည်။အသက်အ၇ွယ်ကြီးရင့်သော လူကြီးများအတွက် အဆင်မပြေမှုများကို တွေ့၇ှိခဲ့ပါသည်။ 
ဒီအထဲတွင်ကျမနှင့်အဖွားလည်းအပါအ၀င်ပါ။ လူငယ်တွေအတွက်တော့ခံနိုင်ရည်၇ှိနိုင်ပေမဲ့ လူကြီးများအတွက်တော့အဆင်မပြေနိုင်ခဲ့ပါဘူး။ များပြားလှတဲ့လူအုပ်ထဲမှာ အသက်ကြီးလှသည့်ကျမရဲ့အဖွား သူ့ရဲ့အလှည့်ကိုစောင့်ရင်းနှင့်မူးလဲခဲ့ရပါတယ်။ ပင်စင်ငွေကိုလဲမထုတ်နိုင်တော့ပဲ ဆေးခန်းကိုကားငှားပြီး တန်းပြေးရရော။ ဟော…ဆေးခန်းရောက် ဆေးသွင်းခ၊ အားဆေးဝယ်ခ၊ ဆရာဝန်ပြခ၊ ဆေးစာရင်း Bill လဲထွက်လာရော ကုန်ပါပြီ ပင်စင်လစာတစ်လစာလေး….အဲ့ဒီနောက်မှာတော့ ပိုတဲ့ငွေလေးကိုလက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့အဖွားကိုကြည့်ပြီး
ကျမလဲအဖွားကိုအိမ်သို့ပြန်ခေါ်လာခဲ့ရပါတယ်။ အပြန်လမ်းမှာ ကျမစဉ်းစားမိခဲ့တဲ့အကြောင်းအရာလေးတစ်ခု၇ှိခဲ့ပါတယ်။ 
လွတ်တော်ကိုယ်စားလှယ်ဒေါ်တင်နွယ်ဦးတင်ပြတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အငြိမ်းစားဝန်ထမ်းပေါင်း (ရ၄၂၅) ဦးရှိတယ်ပြောပါတယ်။ ၀န်ကြီးက (၁၀) ရက်ကြိုပြီးလုပ်ပေးတယ်ပြောတော့ တစ်ရက်ကို လူပေါင်း (၇၄၂) ဦးကိုပဲထုတ်ပေးတယ်ထားဦး…. တစ်ဦးကို (၂) မိနစ် ပဲ ကြာတယ်ထား…..              (တကယ်တော့သိတဲ့အတိုင်း ၅ မိနစ် ဆိုတဲ့အချိန်တောင် နည်းပါသေးတယ်။) စုစုပေါင်း ၂ x ရ၄၂ = ၁၄၈၄ မိနစ် (၂၄.၇ နာရီ) နေ့နဲ့တွက်ရင်တော့ တစ်ရက်လုံးလုံးကြာပါလိမ့်မယ် …..
ကျမတို့ရဲ့ပြည်ထောင်စုဝန်ကြီး အလီကြေညက်ခဲ့ရင်တော့ နားလည်နိုင်မှာပါ။ ဖြစ်နိုင်မဖြစ်နိုင်ကိုပေါ့။ ဒါမှမဟုတ် ကိုယ်တိုင်ဘဏ်ရှေ့မှာ လမ်းဘေး ပလက်ဖေါင်းဘေးမှာ၊ အုတ်ခုံလေးမှာ၊ ရေမြောင်းဘေးမှာ၊ လမ်းဘေးမှာ၊ ကောင်တာတွေရှေ့မှာ နာရီပေါင်းမြောက်များစွာ ထိုင်ဘူးရင်တော့ ကိုယ်ချင်း စာတတ်မယ်ထင်ပါတယ်။
ကျမတို့ရဲ့ပြည်ထောင်စုဝန်ကြီး ကတော့ထင်မှာဘဲ အရင်ကဘာမှမဖြစ်ဘဲ ဒီိလိုဘဲလုပ်လာတယ်လို့….
ကျမတို့ရဲ့ပြည်ထောင်စုဝန်ကြီးရေ… ပြောပြပါရစေ… အရင်က ပင်စင်လစာလေးက ရာဂဏန်း ထောင်ဂဏန်းလောက်ကို ကားခကုန်၊ အပင်ပန်းခံပြီး လတိုင်းသွားမထုတ်ကြပါဘူး။ ဒါပေမဲ့ အခုလို အမျှော်အမြင်ကြီးတဲ့ သမကြီးက ပင်စင်လစာတွေကို လောက်လောက်လားလား တိုးပေးလိုက်တော့ကျမရဲ့အဖွားအပါအ၀င် ပင်စင်စားအဖေတို့အမေတို့လဲ ၀မ်းသာအားရ လှူဖို့တန်းဖို့၊ သုံးစွဲဖို့ လတိုင်းတော့ထုတ်ချင်ကြတာပေါ့။ ဒါပေမဲ့ ထမင်းတစ်လုပ် ဒုတ်တစ်ချက် ဆိုသလို ပင်စင်လစာသွားထုတ်တိုင်း အသက်ကြီးပြီဖြစ်တဲ့၊ အားနည်းနေကြပြီဖြစ်တဲ့ ချွေရံသင်းပင်းနည်းပြီး ပို့ဆောင်ပေးသူမရှိတဲ့ အဖိုးတွေအဖွားတွေ အတွက်တော့ စောင့်ဆိုင်းရတဲ့အချိန်ကြာလွန်းတာကတော့ ပင်ပန်းလွန်းအားကြီးပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု ဘဏ်ကြီးရယ်… ဒီနေ့တိုးတက်နေတဲ့ နည်းပညာတွေနဲ့ computer  software  တွေသုံးသင့်တယ်လို့ယူဆမိပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ကြီးတစ်ခုဖြစ်နေပါလျက် နိုင်ငံဝန်ထမ်းဟောင်းတွေကိုတောင်ပင်စင်လစာတိုးပေးနိုင်ပါလျက် ဒီလောက်တိုးတက်နေတဲ့ခေတ်ထဲမှာ ယခုထက်တိုင် လက်ေ၇းနှင့်ေ၇းသွင်းနေသော စာ၇င်းဇယားများကိုပြောင်းလဲသင့်ပြီလို့ထင်ပါတယ်။
အခုထိဘဏ်စာရင်းစာအုပ် လူနှစ်ရပ်စာလောက်မှာ လူတစ်ဦးချင်းစီရဲ့ စာရင်းကို ရှာပြီးလုပ်နေသ၍တော့ အဖိုးအဖွားတွေ ပိုက်ဆံမသုံးရဘဲ အားလုံး ဆေးဖိုးသာဖြစ်သွားတော့မှာဖြစ်လို့
အရပ်ကတို့ရဲ့…… ၀ိုင်းပြီးနားချကြပါဦး……….
နန်းကေခိုင်

မုံရွာမြို့  အကြောင်း .....

မုံရွာဟာ ချင်းတွင်းမြစ် အရှေ့ ဘက်ကမ်း မှာ တည်ရှိ တဲ့  မြို့  တစ်မြို့  နေချင့် စဖွယ်
အညာမိုး အညာလေ အညာရေ အညာစရိုက် တို့  နဲ့  ပြည့် စုံတဲ့  အညာဒေသက
မြို့  တစ်မြီု့  ပါ

မုံရွာ ရဲ့  ရာဇ၀င်က ဒီလို ဆိုပါတယ်

ဂေါတမ မြတ်စွာ ဘုရား ပွင့်တော် မမူခင် ဘီစီ ၃၅၀၀-၄၀၀၀ ခန့် က
မုံပင်ကြီး အရိပ်မှာ ရသေ့ တစ်ပါး သတင်းသုံးနေစဉ် သာသနာ
ထွန်းကား မည့် အရပ်တည်း လို့  ဗျာဒိတ်ထားတော် မူခဲ့  တဲ့  မုံပင် ရှိရာ အရပ်မှ
မုံရွာ ဖြစ်လာတယ်လို့  ဆိုပါတယ်
( မိဂဒါဝုန်ဆရာတော် .. မုံရွာ ရာပြည့် မဂ္ဂဇင်း )

ရှေးအခါက မုန့် သည်မ တစ်ဦးကို ပဠိစက္ကဘုရင်က မိဘုရား မြှောက်တင်ခဲ့ ပါတယ် ..
ဒါကို အစွဲ ပြုလို့ လဲ မုန့် သည်မရွာ ၊ မုန့် ရွာ ၊ မုံ့ ရွာ ၊ မုံရွာ ရယ်လို့  အဆင့်ဆင့်
ရွေ့ လျော ခဲ တယ်လို့  လဲ ဆိုပါတယ် ၊
( မြန်မာ့  စွယ်စုံကျမ်း ၊ အတွဲ ၉၊ စာ ၃၃၉ )

ပုဂံခေတ် ကျောက်စာမှာ မုန်ရွာ လို့  တွေ့ ရှိရပါတယ် ..
သာလွန်မင်း စစ်တမ်းမှာ မုန်ရွာ လို့  ဖော်ပြပြီး ကုန်းဘောင်ခေတ်မှာ
အလုံမြို့  စီရင်စု အတွင်းရှိတဲ့  ရွာ တစ်ရွာလို့  ဖော်ပြခဲ့  တာကြောင့် 
အဲသည်ခေတ်က မုံရွာဟာ ရွာကြီး တစ်ရွာ အဆင့် မျှသာ ဖြစ်ခဲ့  ပြီး
ယခု မုံရွာမြောက်ဘက် ၆ မိုင် အကွာမှာ ရှိတဲ့  အလုံ ဟာ မြို့  အဆင့် ဖြစ်ခဲ့  ပါတယ် ..

၁၈၈၈ ခုနှစ်မှာ ရုံးစိုက်ရာကို မုံရွာကို ပြောင်းရွှေ့ လာပြီး မြို့  အဆင့်အဖြစ်
တိုးချဲ့  ဖွဲ့ စည်းခဲ့ ပါတယ် .. ဒါကြောင့် မုံရွာရဲ့  မြို့ တည် ခုနှစ်ဟာ
(၁၈၈၈) ခုနှစ် ဖြစ်ပါတယ် ..

ခုဆိုရင် မုံရွာဟာ မြို့ တည် နှစ်ပေါင်း (၁၂၄) နှစ် ရှိပြီ ဖြစ်ပါတယ်..

နတ်နှင့်နဂါးကို လှည့်စားသူ(၃)

  မြန်မာနိုင်ငံ၌လည်း နဂါးကို ရှေးအစဉ်အဆက်ကပင် သိရှိကိုးကွယ်ခဲ့ကြ၏။ မှန်နန်းရာဇ၀င်တော်ကြီး၌ သရေခေတ္တရာ မြို့တည်နန်းတည် အကြောင်းနှင့်စပ်လျှင်း၍ ဂ၀ံပတိ၊ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ စန္ဒီ၊ ပရမေသွရာ ဆိုသူတို့က ဘုရားမြတ်စွာဗျာဒိတ်တော်အတိုင်း သရေခေတ္တရာမြို့ကို စတင်တည်ထောင်ကြောင်းပါရှိလေ၏။ ( ဤအကြောင်းအရင်းမှာ ဘုရားမြတ်စွာ ဟောကြားတော်မူသော ပိဋကတ်တော်၌ မပါမရှိပါ)

     ပုဂံပြည် တောင်သူကြီးမင်းဖြစ်သော ညောင်ဦးစောရဟန်းမင်း လက်ထက်တွင်လည်း နဂါးရုပ်တုကို ကိုးကွယ်ကြောင်းဖတ်ရှုရ၏။ ကျန်စစ်သားမင်းလက်ထက်တွင် မဟာယာန တန္တရဂိုဏ်းဆိုင်ရာကိုးကွယ်မှုများဖြစ်သည့် ဗိဿနိုးကိုကွယ်မှု ၊နဂါးကိုးကွယ်မှု၊ ဂ၀ံပတိကိုးကွယ်မှု စသည့်ထေရ၀ါဒဗုဒ္ဓဘာသာမဟုတ်သော ကိုးကွယ်မှုများရှိခဲ့ကြောင်း ကျန်စစ်သားမင်းကြီး၏ နန်းတည်ကျောက်စာ၊ ပုဂံ နတ်လှောင်ကျောင်းနှင့် အပါယ်ရတနာ ဂူဘုရားများရှိ ပန်းချီတို့အရ သိရပါ၏။

     ယခုအခါ မြန်မာနိုင်ငံ၌ နဂါး(၀ါ)မြွေ ကိုးကွယ်မှုမရှိတော့သော်လည်း နဂါး ယုံကြည်လက်ခံမှုသည် ကျယ်ပြန့်ထင်ရှားစွာရှိကြောင်း မြန်မာပြက္ခဒိန်က ဦးစွာ သက်သေခံပါ၏၊

             ဗြာဟ္မဏ၀ါဒလာ နက္ခတ်ဗေဒင်၌ နဂါးလှည့်ကိုကြည့်၍ ဆောင်ရန်ရှောင်ရန် များကို မိရိုးဖလာ ဗုဒ္ဓ၀င်များ လက္ခံယုံကြည်ကြ၏။ တဖန် ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦ စေတီပုထိုးများ၌လည်း စနေဂြိုဟ်ခွင်၏ အရပ်(အနောက်တောင်ထောင့်)၌ စနေဂြိုဟ်မင်း၏ စီးတော်ယဉ် နဂါးတိရစ္ဆာန်ကို တွေ့ရှိရ၏။


          ဤ၌ မြန်မာနိုင်ငံတွင်မိစ္ဆာဒိဋ္ဌိ အယူစွဲရှိသူ မိရိုးဖလာ ၃၇ မင်းယုံကြည်သူတို့၏ “နတ်နှင့်နဂါး မလှည့်စားနှင့်” ဟူသော ဆောင်ပုဒ်အို ဆောင်ပုဒ်ဆွေးကြီးကိုလက်ကိုင်ထား၍ယင်းဆောင်ပုဒ်ကိုပင်လှည့်စားနေသူတို့မှာ ထိုနတ်နဂါးယုံကြည်သူတို့ပင်ဖြစ်ကြောင်း တင်ပြပါဦးအံ့။

   မိရိုးဖလာနတ် ယုံကြည်တို့သည် နတ်ကို မည်သို့ လှည့်စားသနည်းဟူမူ နံကရိုင်း(ကျွဲ)နတ်ပူဇော်မှုအခင်းအကျင်း၌ လွှတ်ကျွဲ(သို့) သတ်ကျွဲ အစီအစဉ်ပါဝင်၏။ ထိုအခါ တကယ့်ကျွဲအစား ငါးရံ့နှစ်ကောင်ကိုကျွဲတစ်ရှင်းဟု လှည့်စားခေါ်ဝေါ်ကာ ငါးနှစ်ကောင်ကိုလွှတ်ကြ၏။ သတ်ကျွဲအစီအစဉ်၌လည်း ငါးရံ့နှစ်ကောင်ပင်ကျွဲတစ်ရှဉ်းဟု လှည့်စားခေါ်ဝေါ်ကာ ခေါင်းဖြတ်သတ်ကြ၏။
           ဤ၌ ငါးရံ့ကိုကျွဲဟု လှည့်စားခြင်းမှာ နတ်ယုံကြည်သူတို့ပင်ဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပါ၏။ အမေရေရင်နတ်ပူဇော်ပသ စားတော်စာ ဆက်ကြရာ၌လည်း အမေရေရင်နတ် မူရင်းစားတော်စာမှာ ၀က်သား(သွားဖုံးမြုပ်သား)ဖြစ်ပါ၏။ သို့သော် အောက်ပြည်ရောက် အမေရေရင်အား ၀က်သားဖြင့်မဆက်သတော့ချေ။ ၀က်သားအစား အခြားစားတော်စာများဖြင့်လှည့်ပတ်ကာ ဆက်သကြသည်ကို တွေ့မြင်ရပါ၏။
ယခင် ဦးမင်းကျော်၏ မူရင်းနတ်ချင်း တစ်ပုဒ်၍ူ၌ “ကြက်ကလေးငယ် ဆူပါလွန်း ၀က်တဲ့ဝက်သားပြွမ်း ၀က်သားပြွမ်းနှင့် အရက် သောက်ချိန်တန်ချည့်လေး  ”ဟုပါရှိရာ ယခု ဦးမင်းကျော်နတ်သည် ၀က်သားမစားရဟု နတ်ကတော်များက လှည့်ပတ်ပြောဆိုကာ ၀က်သားဖြင့် တင်မြှောက်ခြင်း မပြုကြတော့၍ ဦးမင်းကျော်ဟူသော မြန်မာစင်စစ်နတ်ကြီးလည်း ၀က်သားမစားရတော့ဘဲ အလှည့်စားခံရရှာလေတော့သည်။

          အချို့သောကနားစီးတို့သည် ကနားပွဲကို ကန်ထရိုက်စနှစ်ဖြင့် လက်ခံကျင်းပကြ၏။ ထိုအခါ ကနားစီးကန်ထရိုက်သည် မိမိအမြတ်စွန်းရှိရေးအတွက် သကြားကျိုချက်ထားသော အရည်ကို ရိုးရိုးအရက်ဖြူနှင့်ရော၍ အရောင်တင်ကာ ရမ်(RUM)အရက်အတုဖြင့် နတ်ကိုလှည့်စားကာ တင်မြှောက်ကြလေတော့၏။

        ဘုရင့်နောင်မင်း (၉၁၂-၉၄၃)လက်ထက်မတိုင်ခင်က အိမ်တွင်း မင်းမဟာဂီရိနတ်အား ကျွဲဖြူ နွားဖြူ ဆိတ်ဖြူ ၀က်ကြက်များသတ်ကာ သေအရက်နှင့်တကွ တင်ပပူဇော်ကြရ၏။ဘုရင့်နောင်မင်းလက်ထက်တွင် နတ်ဝင်သည်(၀ါ)နတ်ကတော်များက မင်းမိန့်အာဏာစက်ကိုကြောက်ရွံ့ကာ ဖော်ပြပါ ကျွဲဖြူ နွားဖြူ ၀က် အရက်သေစာများဖြင့် တင်မြှောက်မှုမပြုကြတော့ချေ။ အခြား မုန့်ဖြူ မုန့််နီ လက်ဖက် စသည်တို့ကိုသာ လှည့်ပြောင်း၍ တင်ပပူဇော်ကြတော့၏။

   တဖန် မြင်းဖြူရှင်နတ်(ရွာတော်အရှင်)ကိုးကွယ်မှု၌လည်း မြင်း၏အရှင်သခင်အား ကိုးကွယ်ရမည့်အစား မြင်းတိရစ္ဆာန်ကိုကိုးကွယ်သမှု ပြုခြင်းများကို ထောက်ချင့်ရှုမြင်သုံးသပ်ခြင်းအားဖြင့် “နတ်နှင့် နဂါး မလှည့်စားနှင့်” ဟု အသံကောင်းဟစ်နေကြသော်လည်း ၄င်းတို့ ကိုယ်၌က နတ်တို့ကို လှည့်စားနေကြောင်း တွေ့ရှိရပါ၏။

       နဂါးလှည့်စားမှု၌ နဂါးဦးခေါင်းလှည့်သည်ကို တွက်ချက်၍ ခရီးသွားမှုကိစ္စကို ပြုကြ၏။ ဥပမာ-မြောက်အရပ်သို့ နဂါးဦးခေါင်းလှည့်နေလျှင် တောင်အရပ်သို့ မသွားကောင်းဟု အယူသီးကြ၏။ အကယ်၍ တောင်အရပ်သို့ သွားမိပါက နဂါးခံတွင်းသို့ ၀င်မိသည်ကြောင့် ဘေးဆိုးဒုက္ခများနှင့် ကြုံတွေ့ရမည်ဟု နတ်နဂါးကိုးကွယ်ယုံကြည်သူတို့က လှန့်ခြောက်ကြ၏။

     အကြောင်းကိစ္စဖြင့် မလွဲမသွေ တောင်အရပ်(နဂါးခံတွင်း)သို့ သွားရမည်ဆိုပါက နဂါးကို လှည့်စားကြတော့၏။ အဘယ်သို့လှည့်စားသနည်းဟူမူ တောင်အရပ်(နဂါးခံတွင်း)သို့ သွားရမည့်သူသည် ပထမ အနောက်အရပ်သို့ ဟန်ပြသွား၏။ ထိုဟန်ပြသွားသောအရပ်မှ မိမိသွားလိုရင်းအရပ်သို့ သွားခြင်းဖြင့် နဂါးခံတွင်းမ၀င်မိဘဲ နဂါးကို ကန့်လန့်ဖြတ်ဖောက်ထွက်သွားသည် ဟုသတ်မှတ်က နဂါးကို လှည့်စားကြတော့၏။

     လူတို့၏ကြောက်ရွံ့မှု မသိနားမလည်မှုတို့ကြောင့် နတ်များပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု မနုဿဗေဒ ပညာရှင်များက မိန့်ဆိုထားပါ၏။

 နတ်ဝင်သည်တို့သည်“နတ်နှင့်နဂါးမလှည့်စားနှင့်”ဟု ဆွေးမြည့်ဟောင်းနွမ်းနေသောဆောင်ပုဒ်အို ကြီးကို ပါးစပ်သေနတ်ပစ်သလို ပြောဆိုလှန့်ခြောက်ပါကုန်၏။ ၄င်းတို့ပြောဆိုကိုးကွယ်သော နတ် နဂါးတို့သည် အကယ်တန္တု ပြိတ္တာဘုံသားများနှင့် တိရစ္ဆာန်ဘုံသားများသာ ဖြစ်ကြပါ၏။ မိမိတို့တစ်ဘ၀တာ အစားချောင် အနေချောင်ရေးအတွက် ထိုဘုံသားများကို ဗန်းပြခိုင်းစားကာ လူအပေါင်းတို့အား ကိုးကွယ်သမှုပြုရန် လှည့်စား လှန့်ခြောက်ခြင်းသာဖြစ်ပါ၏။

  နတ် နဂါးတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းသည် အကုသိုလ်တံခါးပွင့်၍ ကုသိုလ်တံခါးပိတ်ခြင်းသာဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် သမ္မာဒိဋ္ဌိ အယူအမြင် မဟုတ်ခြင်း ယူတ္တိကင်းမဲ့ခြင်း စိတ္တဇယုံကြည်မှုများသာဖြစ်ခြင်း စသည်တို့ကြောင့် ဘ၀လမ်း အကြမ်းမှာ ထာဝရအရမ်းအကန်း မယုံကြည်မိကြစေရန် ဤဆောင်းပါးဖြင့် မီးမောင်းထိုးပြရပါတော့၏။


သုန္ဒရ၀င်း(ချောင်းဦး)
ဓမ္မရံသီ၊ ၂၀၀၀၊ စက်တင်ဘာလ။

ချောင်းဦး မိဘမဲ့ကျောင်းသို့ အဝတ်အထည်များလှူ

ချောင်းဦး မိဘမဲ့ကျောင်းသို့ အဝတ်အထည်များလှူ
Share
စစ်ကိုင်းမြို့မှ ဧမေတ္တာစေတနာ ရှင်များအဖွဲ့က မုံရွာခရိုင် ချောင်းဦး မြို့ရှိ ဧရိပ်မွန် ၂ မိဘမဲ့ အမျိုးသမီး ကလေးများကျောင်းသို့ အဝတ် အထည်နှင့် တစ်နေ့တာ ထမင်း ကျွေးမွေးလှူဒါန်းခြင်းကို အောက် တိုဘာ ၃၁ ရက်က အဆိုပါကျောင်း တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ”အခုဒီကျောင်းမှာ မြန်မာ ၁၁ဦး၊ ချင်း ၁၃ ဦး၊ နာဂ ၁၇ ဦး၊ ပအို့ဝ် ၄၄ ဦးနဲ့ ပလောင် ၇ ဦးရှိပါတယ်။ ပညာရေးအနေ နဲ့ကတော့ အခြေခံ အဆင့်ပညာ ရေးအောင်ပြီး ၈ ဦး၊ အဝေးသင် တက္ကသိုလ်တက်နေသူ ၃ ဦး၊ အကူသူနာပြု (ရန်ကုန်) မှာ တက်နေသူ ၃ ဦး၊ မူလတန်းပြ ၂ ဦး ရှိပါတယ်”ဟု ကျောင်းကြီးကြပ် မှု ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မြက ဆိုသည်။ ဧမေတ္တာစေတနာရှင်များ အဖွဲ့ မှ အဆိုပါကျောင်းတွင်ရှိသော မိဘမဲ့ကလေး ၉၂ ဦးအား အဝတ် အထည်များ၊ စာရေးကိရိယာများ၊ စားစရာများကို ဦးစိုးတင့်၊ ဦးခင်ဇော်မင်း တို့က ဦးဆောင်၍် တစ်နေ့တာထမင်း ကျွေးမွေး လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ ဧရိပ်မွန် ၂ မိဘမဲ့အမျိုးသမီး ကလေးများကျောင်းတွင် လက်ရှိ ပညာရေးကျောင်းသို့ မနေရသေးသူ ၄ ဦးရှိပြီး ကျန်အမျိုးသမီးငယ်က လေးများသည် သူငယ်တန်းမှ အထက်တန်းအဆင့်အထိ ပညာသင်ယူနေဆဲဖြစ်သည်။ အဆို ပါကျောင်းသို့ လှူဒါန်းလိုပါက ဖုန်းနံပါတ် ဝ၂-၄၅၁၄၉ သို့ ဆက် သွယ်နိုင်ကြောင်းသိရသည်။