Friday 9 March 2012

နတ်နှင့်နဂါးကို လှည့်စားသူ(၃)

  မြန်မာနိုင်ငံ၌လည်း နဂါးကို ရှေးအစဉ်အဆက်ကပင် သိရှိကိုးကွယ်ခဲ့ကြ၏။ မှန်နန်းရာဇ၀င်တော်ကြီး၌ သရေခေတ္တရာ မြို့တည်နန်းတည် အကြောင်းနှင့်စပ်လျှင်း၍ ဂ၀ံပတိ၊ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ စန္ဒီ၊ ပရမေသွရာ ဆိုသူတို့က ဘုရားမြတ်စွာဗျာဒိတ်တော်အတိုင်း သရေခေတ္တရာမြို့ကို စတင်တည်ထောင်ကြောင်းပါရှိလေ၏။ ( ဤအကြောင်းအရင်းမှာ ဘုရားမြတ်စွာ ဟောကြားတော်မူသော ပိဋကတ်တော်၌ မပါမရှိပါ)

     ပုဂံပြည် တောင်သူကြီးမင်းဖြစ်သော ညောင်ဦးစောရဟန်းမင်း လက်ထက်တွင်လည်း နဂါးရုပ်တုကို ကိုးကွယ်ကြောင်းဖတ်ရှုရ၏။ ကျန်စစ်သားမင်းလက်ထက်တွင် မဟာယာန တန္တရဂိုဏ်းဆိုင်ရာကိုးကွယ်မှုများဖြစ်သည့် ဗိဿနိုးကိုကွယ်မှု ၊နဂါးကိုးကွယ်မှု၊ ဂ၀ံပတိကိုးကွယ်မှု စသည့်ထေရ၀ါဒဗုဒ္ဓဘာသာမဟုတ်သော ကိုးကွယ်မှုများရှိခဲ့ကြောင်း ကျန်စစ်သားမင်းကြီး၏ နန်းတည်ကျောက်စာ၊ ပုဂံ နတ်လှောင်ကျောင်းနှင့် အပါယ်ရတနာ ဂူဘုရားများရှိ ပန်းချီတို့အရ သိရပါ၏။

     ယခုအခါ မြန်မာနိုင်ငံ၌ နဂါး(၀ါ)မြွေ ကိုးကွယ်မှုမရှိတော့သော်လည်း နဂါး ယုံကြည်လက်ခံမှုသည် ကျယ်ပြန့်ထင်ရှားစွာရှိကြောင်း မြန်မာပြက္ခဒိန်က ဦးစွာ သက်သေခံပါ၏၊

             ဗြာဟ္မဏ၀ါဒလာ နက္ခတ်ဗေဒင်၌ နဂါးလှည့်ကိုကြည့်၍ ဆောင်ရန်ရှောင်ရန် များကို မိရိုးဖလာ ဗုဒ္ဓ၀င်များ လက္ခံယုံကြည်ကြ၏။ တဖန် ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦ စေတီပုထိုးများ၌လည်း စနေဂြိုဟ်ခွင်၏ အရပ်(အနောက်တောင်ထောင့်)၌ စနေဂြိုဟ်မင်း၏ စီးတော်ယဉ် နဂါးတိရစ္ဆာန်ကို တွေ့ရှိရ၏။


          ဤ၌ မြန်မာနိုင်ငံတွင်မိစ္ဆာဒိဋ္ဌိ အယူစွဲရှိသူ မိရိုးဖလာ ၃၇ မင်းယုံကြည်သူတို့၏ “နတ်နှင့်နဂါး မလှည့်စားနှင့်” ဟူသော ဆောင်ပုဒ်အို ဆောင်ပုဒ်ဆွေးကြီးကိုလက်ကိုင်ထား၍ယင်းဆောင်ပုဒ်ကိုပင်လှည့်စားနေသူတို့မှာ ထိုနတ်နဂါးယုံကြည်သူတို့ပင်ဖြစ်ကြောင်း တင်ပြပါဦးအံ့။

   မိရိုးဖလာနတ် ယုံကြည်တို့သည် နတ်ကို မည်သို့ လှည့်စားသနည်းဟူမူ နံကရိုင်း(ကျွဲ)နတ်ပူဇော်မှုအခင်းအကျင်း၌ လွှတ်ကျွဲ(သို့) သတ်ကျွဲ အစီအစဉ်ပါဝင်၏။ ထိုအခါ တကယ့်ကျွဲအစား ငါးရံ့နှစ်ကောင်ကိုကျွဲတစ်ရှင်းဟု လှည့်စားခေါ်ဝေါ်ကာ ငါးနှစ်ကောင်ကိုလွှတ်ကြ၏။ သတ်ကျွဲအစီအစဉ်၌လည်း ငါးရံ့နှစ်ကောင်ပင်ကျွဲတစ်ရှဉ်းဟု လှည့်စားခေါ်ဝေါ်ကာ ခေါင်းဖြတ်သတ်ကြ၏။
           ဤ၌ ငါးရံ့ကိုကျွဲဟု လှည့်စားခြင်းမှာ နတ်ယုံကြည်သူတို့ပင်ဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပါ၏။ အမေရေရင်နတ်ပူဇော်ပသ စားတော်စာ ဆက်ကြရာ၌လည်း အမေရေရင်နတ် မူရင်းစားတော်စာမှာ ၀က်သား(သွားဖုံးမြုပ်သား)ဖြစ်ပါ၏။ သို့သော် အောက်ပြည်ရောက် အမေရေရင်အား ၀က်သားဖြင့်မဆက်သတော့ချေ။ ၀က်သားအစား အခြားစားတော်စာများဖြင့်လှည့်ပတ်ကာ ဆက်သကြသည်ကို တွေ့မြင်ရပါ၏။
ယခင် ဦးမင်းကျော်၏ မူရင်းနတ်ချင်း တစ်ပုဒ်၍ူ၌ “ကြက်ကလေးငယ် ဆူပါလွန်း ၀က်တဲ့ဝက်သားပြွမ်း ၀က်သားပြွမ်းနှင့် အရက် သောက်ချိန်တန်ချည့်လေး  ”ဟုပါရှိရာ ယခု ဦးမင်းကျော်နတ်သည် ၀က်သားမစားရဟု နတ်ကတော်များက လှည့်ပတ်ပြောဆိုကာ ၀က်သားဖြင့် တင်မြှောက်ခြင်း မပြုကြတော့၍ ဦးမင်းကျော်ဟူသော မြန်မာစင်စစ်နတ်ကြီးလည်း ၀က်သားမစားရတော့ဘဲ အလှည့်စားခံရရှာလေတော့သည်။

          အချို့သောကနားစီးတို့သည် ကနားပွဲကို ကန်ထရိုက်စနှစ်ဖြင့် လက်ခံကျင်းပကြ၏။ ထိုအခါ ကနားစီးကန်ထရိုက်သည် မိမိအမြတ်စွန်းရှိရေးအတွက် သကြားကျိုချက်ထားသော အရည်ကို ရိုးရိုးအရက်ဖြူနှင့်ရော၍ အရောင်တင်ကာ ရမ်(RUM)အရက်အတုဖြင့် နတ်ကိုလှည့်စားကာ တင်မြှောက်ကြလေတော့၏။

        ဘုရင့်နောင်မင်း (၉၁၂-၉၄၃)လက်ထက်မတိုင်ခင်က အိမ်တွင်း မင်းမဟာဂီရိနတ်အား ကျွဲဖြူ နွားဖြူ ဆိတ်ဖြူ ၀က်ကြက်များသတ်ကာ သေအရက်နှင့်တကွ တင်ပပူဇော်ကြရ၏။ဘုရင့်နောင်မင်းလက်ထက်တွင် နတ်ဝင်သည်(၀ါ)နတ်ကတော်များက မင်းမိန့်အာဏာစက်ကိုကြောက်ရွံ့ကာ ဖော်ပြပါ ကျွဲဖြူ နွားဖြူ ၀က် အရက်သေစာများဖြင့် တင်မြှောက်မှုမပြုကြတော့ချေ။ အခြား မုန့်ဖြူ မုန့််နီ လက်ဖက် စသည်တို့ကိုသာ လှည့်ပြောင်း၍ တင်ပပူဇော်ကြတော့၏။

   တဖန် မြင်းဖြူရှင်နတ်(ရွာတော်အရှင်)ကိုးကွယ်မှု၌လည်း မြင်း၏အရှင်သခင်အား ကိုးကွယ်ရမည့်အစား မြင်းတိရစ္ဆာန်ကိုကိုးကွယ်သမှု ပြုခြင်းများကို ထောက်ချင့်ရှုမြင်သုံးသပ်ခြင်းအားဖြင့် “နတ်နှင့် နဂါး မလှည့်စားနှင့်” ဟု အသံကောင်းဟစ်နေကြသော်လည်း ၄င်းတို့ ကိုယ်၌က နတ်တို့ကို လှည့်စားနေကြောင်း တွေ့ရှိရပါ၏။

       နဂါးလှည့်စားမှု၌ နဂါးဦးခေါင်းလှည့်သည်ကို တွက်ချက်၍ ခရီးသွားမှုကိစ္စကို ပြုကြ၏။ ဥပမာ-မြောက်အရပ်သို့ နဂါးဦးခေါင်းလှည့်နေလျှင် တောင်အရပ်သို့ မသွားကောင်းဟု အယူသီးကြ၏။ အကယ်၍ တောင်အရပ်သို့ သွားမိပါက နဂါးခံတွင်းသို့ ၀င်မိသည်ကြောင့် ဘေးဆိုးဒုက္ခများနှင့် ကြုံတွေ့ရမည်ဟု နတ်နဂါးကိုးကွယ်ယုံကြည်သူတို့က လှန့်ခြောက်ကြ၏။

     အကြောင်းကိစ္စဖြင့် မလွဲမသွေ တောင်အရပ်(နဂါးခံတွင်း)သို့ သွားရမည်ဆိုပါက နဂါးကို လှည့်စားကြတော့၏။ အဘယ်သို့လှည့်စားသနည်းဟူမူ တောင်အရပ်(နဂါးခံတွင်း)သို့ သွားရမည့်သူသည် ပထမ အနောက်အရပ်သို့ ဟန်ပြသွား၏။ ထိုဟန်ပြသွားသောအရပ်မှ မိမိသွားလိုရင်းအရပ်သို့ သွားခြင်းဖြင့် နဂါးခံတွင်းမ၀င်မိဘဲ နဂါးကို ကန့်လန့်ဖြတ်ဖောက်ထွက်သွားသည် ဟုသတ်မှတ်က နဂါးကို လှည့်စားကြတော့၏။

     လူတို့၏ကြောက်ရွံ့မှု မသိနားမလည်မှုတို့ကြောင့် နတ်များပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု မနုဿဗေဒ ပညာရှင်များက မိန့်ဆိုထားပါ၏။

 နတ်ဝင်သည်တို့သည်“နတ်နှင့်နဂါးမလှည့်စားနှင့်”ဟု ဆွေးမြည့်ဟောင်းနွမ်းနေသောဆောင်ပုဒ်အို ကြီးကို ပါးစပ်သေနတ်ပစ်သလို ပြောဆိုလှန့်ခြောက်ပါကုန်၏။ ၄င်းတို့ပြောဆိုကိုးကွယ်သော နတ် နဂါးတို့သည် အကယ်တန္တု ပြိတ္တာဘုံသားများနှင့် တိရစ္ဆာန်ဘုံသားများသာ ဖြစ်ကြပါ၏။ မိမိတို့တစ်ဘ၀တာ အစားချောင် အနေချောင်ရေးအတွက် ထိုဘုံသားများကို ဗန်းပြခိုင်းစားကာ လူအပေါင်းတို့အား ကိုးကွယ်သမှုပြုရန် လှည့်စား လှန့်ခြောက်ခြင်းသာဖြစ်ပါ၏။

  နတ် နဂါးတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းသည် အကုသိုလ်တံခါးပွင့်၍ ကုသိုလ်တံခါးပိတ်ခြင်းသာဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် သမ္မာဒိဋ္ဌိ အယူအမြင် မဟုတ်ခြင်း ယူတ္တိကင်းမဲ့ခြင်း စိတ္တဇယုံကြည်မှုများသာဖြစ်ခြင်း စသည်တို့ကြောင့် ဘ၀လမ်း အကြမ်းမှာ ထာဝရအရမ်းအကန်း မယုံကြည်မိကြစေရန် ဤဆောင်းပါးဖြင့် မီးမောင်းထိုးပြရပါတော့၏။


သုန္ဒရ၀င်း(ချောင်းဦး)
ဓမ္မရံသီ၊ ၂၀၀၀၊ စက်တင်ဘာလ။

No comments:

Post a Comment