Monday 19 March 2012

နှစ်သိန်းတန်ဖုန်းအား ၀ယ်ယူလိုသူအချို့ အယုံအကြည်မရှိသေး

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများကို မတ်လ ၁၄ ရက်နေ့ကစတင်ပြီး ရောင်းချပေးနေပါတယ်။
ဖုန်းဝယ်ယူလိုသူ အချို့ကတော့ အဆိုပါ နှစ်သိန်းတန်ဖုန်းကို အယုံအကြည်မရှိသေးဘဲ လိုင်းအားအခြေအနေကို ဆက်လက်စောင့်ကြည့်ဦးမယ်လို့ ဆိုကြပါတယ်။
"စလာချပေးတဲ့နေ့က ကျနော် သွားဝယ်မလို့ သွားမေးသေးတယ်” အခုရောင်းချပေးနေတဲ့ CDMA နှစ်သိန်းတန်ဖုန်းကို “ပြည်နယ်တွေကို ပိုဦးစားပေးတယ်တဲ့ ဒါပေမဲ့ လှိုင်းက ဒီလွိုင်ကော်ကပဲ ဆိုတော့ အဝေး(ဒီးမော့ဆိုနဲ့ဖရူဆိုဘက်)ဆို သုံးမရဘူးလေ။ လှိုင်းကိုတော့ နောက်လမှ ထပ်ချဲ့ပေးမယ်လို့ပြောတာပဲ။ ဖုန်းကိုတော့ အရင်လာရောင်းပြီ။ လှိုင်းကို နောက်မှ လာချဲ့မယ်ဆိုတော့ သိပ့်မယုံဘူးလေ။ တော်ကြာ ပိုက်ဆံက သူတို့ လက်ထဲ ရောက်သွားရင် မချဲ့ရင် ဘာမှလည်း သုံးလို့ရမှာ မဟုတ်တဲ့အတွက် မဝယ်ဖြစ်ဘူး"
စတင်ရောင်းချပေးတဲ့နေ့မှာ လွိုင်ကော်မြို့ကို တက်လာတဲ့ ကရင်နီပြည်နယ်ဖရှုဆို မြို့နယ်မှ ဖုန်းဝယ်ယူလိုသူ ဒေသခံတဦးက ပြောပြသွားတာဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့မှ စတင်၍ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်မြို့များ၌ပါ ရောင်းချပေးမှု ခေတ္တရပ်ဆိုင်းပြီး အဆိုပါ CDMA 800 MHz ဖုန်းအား ကျပ်နှစ်သိန်းခွဲ၊ CDMA 450 MHz ဖုန်းအား ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဈေးနှုန်း လျော့ချသတ်မှတ်ပေးမည်လို့ Elite Tech Service မှ ကြေညာခဲ့ပြီးနောက် ယခုလို လွိုင်ကော်မြို့မှာ ကျန်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ စတင်ရောင်းချလာတာကို တွေ့ရပါတယ်။

GSM ဖုန်း
CDMA 800 နဲ့ 450 MHz ဖုန်းများအတွက် တည်ဆောက်ထားတဲ့ လိုင်းအင်အား ပြည့်နေပြီဖြစ်တဲ့အတွက် ကျပ်ငါးသိန်းနဲ့ ချောင်းချမှုကို ခေတ္တရပ်ဆိုင်းထားခြင်းလည်း ဖြစ်တယ်လို့သိရပါတယ်။
 “အရင်က သူတို့ချပေးတာက ၅ သိန်း နှစ်သောင်းနဲ့ ဝယ်ခဲ့ရတဲ့ ဖုန်းတွေတောင်မှ လှိုင်းတွေက မကောင်းဘူး။ အခု ၂ သိန်းကိုလျော့ချရောင်းတာထက် လှိုင်းတွေကောင်းအောင် အရင်လုပ်သင့်တယ်။ လှိုင်းကမကောင်းရင် အခုရောင်းပေးနေတဲ့ ဖုန်းတွေလဲ ဘာမှအဓိပ္ပါယ် ရှိမှာမဟုတ်ဘူး။”
လွိုင်ကော်မြို့မှ အဝေးပြေးကားဆွဲနေတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပြသွားတာပါ။
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်နှစ်ခုမှာ စတင်ရောင်းချပေးနေတဲ့ ဖုန်းအလုံးရေ နစ်သောင်းကျော်အနက် လွိုင်ကော်မြို့မှာ အလုံးပေါင်း တထောင်ကျော်ချရောင်းနေတယ်လို့ သိရပါတယ်။
အခု ကျပ်နှစ်သိန်းနဲ့ချောင်းချနေတဲ့ ဖုန်းတွေကို ဝယ်ယူလိုသူတို့အနေနဲ့ လျှောက်လွှာကို အရင်ကြိုတင်ဖြည့်ခိုင်းထားကြောင်း၊ မိမိ pass port ဓါတ်ပုံနှစ်ပုံ၊ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူအပါဝင်ယူဆောင်လာရပြီး နေရပ်လိပ်စာ အတိကျဖြည့်ပေးရတယ်လို့ ဆိုပါတယ်။
“ညနေ လေးနာရီ ချိန်လောက်မှ ကျနော် ရောက်သွားတော့ လူတွေက တယောက် နစ်ယောက်ပဲ ရှိတော့တယ် ဒါပေမဲ့ အရင်လျှောက်လွှာ ဖြည့်ထားတာကတော့ အထပ်ကြီးကိုတော့ တွေ့ရပါတယ်" လို့ ဖုန်းလာရောက်ဝယ်လိုတဲ့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

No comments:

Post a Comment