Sunday 22 April 2012

မြဲမြဲမှတ်ပါ မင်းမြန်မာ


“ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မြဲမြဲမှတ်ပါ မင်းမြန်မာ” ဆိုတဲ့ အဆိုတော် အောာင်ကိုလတ်ရဲ့ သီချင်းက ပြည်ပရောက် မြန်မာတွေကို
အသိမပျောက်အောင် သတိပေးတဲ့ သီချင်းတစ်ပုဒ်ပါ။ ရေကြည်ရာ မြက်နုရာဆိုပြီး ကျွန်တော်တို့ တိုင်းပြည်က လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံ အသီးသီးကို ခြေဆန့်လာလိုက်ကြတာ တချို့တွေကလဲ “အမေ့အိမ်” သီချင်းကို ညည်းရင်း အိမ်ပြန်ချင်တဲ့ စိတ်တွေကို သတိရတိုင်း ထုတ်ထုတ်ကြည့်ကြ၊ တချို့တွေကလဲ ရောက်ရာနေရာမှာ ပျော်ရွှင်စွာနေထိုင်ကြရင်း ပတ်စပို့ အနီရောင်လေးကို စွန့်လွှတ်ကြနဲ့ပေါ့။ ဘယ်တိုင်းပြည်ကိုပဲ ရောက်ရောက်၊ ဘယ်နိုင်ငံသား အဖြစ်ပဲ ခံယူ ခံယူ ကျွန်တော်တို့တတွေရဲ့ သွေးသားထဲမှာ မြန်မာဆိုတဲ့ သွေးတွေ လှည့်ပတ်စီးဝင်နေဆဲ ဆိုတာ မမေ့လျော့ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို ပြောတာဟာ “တို့ဗမာကွ” လို့ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်နေဖို့ မဟုတ်ပါဘူး။ “ငါဟာ မြန်မာတစ်ယောက် အနေနဲ့ ငါ့လူမျိုး သိက္ခာကျစေမယ့် အလုပ်ကို မလုပ်ဘူး၊ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုး ဂုဏ်တက်စေတဲ့ အလုပ်ကိုပဲ လုပ်မယ်” ဆိုတဲ့ စိတ်ဓာတ်မျိုး ခိုင်ခိုင်မာမာ ထားကြစေချင်ပါတယ်။

ဒေသတွင်း နိုင်ငံတချို့ကို သွားကြည့်တော့ ပုံစံအသီးသီးနဲ့ ရောက်နေကြတဲ့ မြန်မာတွေကို တွေ့ရပါတယ်။ ထိုင်းမှာ၊ မလေးရှားမှာ၊ စင်္ကာပူမှာ စသဖြင့်ပေါ့။ ဘန်ကောက်က ဆူခန်ဗစ်လမ်းမကြီး (ရန်ကုန်က ပန်းဆိုးတန်းလိုပေါ့) က ပလက်ဖောင်းမှာ ဈေးရောင်းနေတဲ့ မြန်မာတွေ အများအပြား တွေ့ရပါတယ်။ မြန်မာ အချင်းချင်းမို့ သင့်တင့်တဲ့ ဈေးနဲ့ ရောင်းမယ် ထင်ပါသလား။ တီရှပ်တစ်ထည်လောက် ဈေးမေးလိုက်ရင် အစ်ကိုက မြန်မာလား လို့ ပြန်မေးပြီး သူများရောင်းတဲ့ဈေးထက် ပိုဈေးတင်ပြီး ရောင်းပါတယ်။ ဒါဟာ ကိုယ်တွေ့ပါ။ နောက်တစ်ခါ ဘောလုံးဂျာစီတွေ ရောင်းတဲ့ ဆိုင်မှာ မန်ယူဂျာစီ ၀ယ်မလို့ မေးတော့ ကျွန်တော် ၀တ်ထားတဲ့ စပိန်အသင်းအင်္ကျီကို ကြည့်ရင်း “အစ်ကို့ အင်္ကျီက အစစ်လား .. ဘယ်လောက်ပေးရလဲ” လို့ မေးတာ ကြုံဖူးပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက မြန်မာ မြန်မာ အချင်းချင်း ပြည်ပမှာ တွေ့တဲ့အခါ အချဉ်လို့ သတ်မှတ်ချင် နေကြပြီလား။ နှိမ်တတ်တဲ့ အကြည့်မျိုး စကားမျိုးတွေနဲ့ ကြည့်တတ် ပြောတတ်နေကြပြီလား။ ဒီလို တွေ့ကြုံခဲ့လို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေ အများစုဟာ ဒီလို ဖြစ်နေတယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ထိုင်းက တက္ကသိုလ်ကြီးတွေမှာ ပါမောက္ခတွေ၊ ဆရာတွေ အဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင် မြန်မာတွေလည်း အများကြီး ရှိပါတယ်။ ငခုံးမ တချို့ကြောင့် တစ်လှေလုံး မပုပ်စေချင်တဲ့ စေတနာနဲ့ ဒီလိုမျိုးတော့ ရှိနေတယ်ဆိုတာ သတိထားစေလို ပြင်စေလိုတဲ့ ဆန္ဒနဲ့ ပြန်ပြီး တဆင့် ဖောက်သည်ချတာပါ။ သေချာတာကတော့ ထိုင်းမှာ မြန်မာဆို အတော် ထင်သေးနေကြတာကို စိတ်မကောင်း စရာ တွေ့ရပါတယ်။ တည်းခိုတဲ့ ဟိုတယ်က အိန္ဒိယနွယ်ဖွား ၀န်ထမ်းက ကျွန်တော့်ကို ဘာလူမျိုးလဲ မေးတော့ “မြန်မာ” လို့လဲ ပြန်ဖြေလိုက်ရော မျက်နှာအမူအရာက ပြောင်းသွားပါတယ်။ ဒါနဲ့ ဆက်ပြီး “ငါစင်္ကာပူမှာ အိုင်တီပညာနဲ့ အလုပ်လုပ်တယ်” လို့ ဆက်ပြောလိုက်မှ ရိုရိုကျိုးကျိုး ပြန်ဖြစ်သွားပြီး ဆရာ ခေါ်ပါတယ်။

မလေးရှားက ကွာလာလမ်ပူကို ရောက်တော့လဲ တရုတ်တန်းမှာ ဆိုင်ခင်းပြီး ဈေးရောင်းနေတဲ့ မြန်မာတွေကို တွေ့ရပါတယ်။ အဲဒီသူတွေထဲက ၂ ယောက်က ကျွန်တော့် ယောက္ခမက ထမီဝတ်ထားတော့ မြန်မာမှန်း သိတာနဲ့ အတူပါလာတဲ့ ဇနီးကို မကြားတကြား လှမ်းနောက်ပြောင်နေပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူမျိုးတမျိုးရဲ့ လုပ်ရပ်လား။ ထောင်းခနဲ ထွက်သွားတဲ့ ဒေါသကို သတိချွန်းမအုပ်နိုင်ခဲ့ရင် အဲဒီနေရာမှာတင် ရန်ပွဲ ဖြစ်ခဲ့လောက်တယ်။ ကွာလာလမ်ပူမြို့ အနီးက ဂန်တင်း (Genting Highland) ကို သွားပြန်တော့လဲ စားသောက်ဆိုင်တွေမှာ မြန်မာတွေ နေရာယူထားပါတယ်။ ထိုင်းအစားအစာရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးက အစ၊ ချက်ပြုတ်နေသူတွေ အဆုံး မြန်မာတွေပါ။ ဒီတော့ မြန်မာလို ပြောပြီး အစားအသောက် မှာလို့ ရတာပေါ့။ မနက်စာ စားဖို့ အသွားမှာတော့ အအေးရောင်းတဲ့ ကောင်တာက မြန်မာကောင်လေးက ကျွန်တော်တို့ တဖွဲ့လုံးကို အအေး အလကား တိုက်ပါတယ်။ ကျွန်တော်က ငြင်းတော့ “သူတို့ သူဌေးက မြန်မာ ဧည့်သည်ဆို ပိုက်ဆံမယူဘဲ တိုက်လိုက်ပါလို့ မှာထားပါတယ်” တဲ့။ သူတို့ သူဌေးက မြန်မာလူမျိုးပဲလား၊ မလေးလူမျိုးပဲလား ဆိုတာကိုတော့ မမေးဖြစ်ခဲ့ပါဘူး။ ဘာပဲ ဖြစ်ဖြစ် တရပ်တကျေးမှာ ကိုယ့်မြန်မာအချင်းချင်း ဒီလို ကူညီရိုင်းပင်းတဲ့စိတ် ရှိတဲ့ လုပ်သားတွေလဲ ရှိပါလားလို့ အမှတ်ထင်ထင် ရှိခဲ့ပါတယ်။ လန်ကာဝီကမ်းခြေမှာလဲ အတူတူပါပဲ။ ပင်လယ်စာရောင်းတဲ့ ဆိုင်မှာ ငယ်ငယ်ကတည်းက မလေးရှားရောက်နေလို့ မြန်မာလို ပီပီသသ မပြောတတ်တော့တဲ့ စားပွဲထိုး ကောင်မလေးကို မြန်မာလို ပြောပြီး အစားအသောက် မှာစားခဲ့ပါတယ်။

စင်္ကာပူကတော့ ကျွန်တော်လက်ရှိ အလုပ်လုပ်နေတာမို့ စင်္ကာပူရောက် မြန်မာတွေနဲ့ ထိတွေ့ဆက်ဆံမှုက ပိုများပါတယ်။ အိမ်စေ အလုပ်လုပ်နေသူတွေ၊ အလုပ်ကြမ်းသမားတွေက အစ မန်နေဂျာတွေ၊ ဒါရိုက်တာတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ အထိ မြန်မာတွေဟာ ရာထူး အသီးသီးမှာ တာဝန်ထမ်းနေကြတာပါ။ ဌာန တစ်ခုလုံး မြန်မာချည်းပဲ ဆိုတဲ့ ရုံးတွေလည်း အများအပြားပါပဲ။ မြန်မာဆိုရင် အလုပ်မခန့်ချင်ဘူးဆိုတဲ့ ကုမ္ပဏီတချို့လည်း ရှိပါတယ်။ ဒါဟာ အဲဒီ ရုံးဌာနတွေ၊ ကုမ္ပဏီတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာတွေ အပေါ် အများကြီး မူတည်ပါတယ်။ ကိုယ် အလုပ်မ၀င်ခင် မြန်မာတစ်ယောက်ယောက် ရှိနေမယ်၊ သူကလဲ ကောင်းကောင်းမွန်မွန် လုပ်ကိုင် ပြထားမယ် ဆိုရင်တော့ မြန်မာလူမျိုးကို မခန့်ချင်ဘူး ဆိုတာ မရှိပါဘူး။ တကယ်လို့ ကိုယ် အလုပ် မ၀င်ခင် အရင် လုပ်ဖူးတဲ့ မြန်မာ တစ်ယောက်ယောက် ဒါမှ မဟုတ် လက်ရှိ အလုပ်လုပ်နေတဲ့ မြန်မာ တစ်ယောက်ယောက်က တလွဲတွေ လုပ်ထားလို့ နာမည်ပျက်စ ပြုနေပြီ ဆိုရင်တော့ မြန်မာဆို နှာခေါင်းရှုံ့ချင်ကြမှာပါ။ တကယ်တော့ တစ်ဦးတစ်ယောက်ထဲနဲ့ ဆိုင်တာ ဖြစ်ပေမယ့် လူအများစုက ဒါကို မြင်လေ့ မရှိဘဲ ယေဘုယျ သုံးသပ်ပြီး “မြန်မာတွေဟာ ပျင်းတယ်.. ခိုတယ်.. အလုပ်ကို ကြိုးစား မလုပ်ချင်ဘူး” ဆိုတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီတော့ အဲဒီလို အကောင်းမြင် ခံရတာ မရှိတဲ့ အခြေအနေကို မရောက်အောင် ကျွန်တော်တို့ ဂရုစိုက် နေထိုင်လုပ်ကိုင်ကြဖို့ အရေးကြီးပါတယ်။

မြန်မာတွေဟာ မညံ့ပါဘူး။ ကျွန်တော်တို့ ပညာရေး ရေချိန်ဟာ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အများကြီး လိုပါသေးတယ်။ ဒါပေမယ့် ပြည်ပရောက် လာတဲ့ မြန်မာ ပညာတတ်အများစုနဲ့ ပြည်ပမှာ ပညာသင်ကြားဖို့ ထွက်လာကြတဲ့ မြန်မာတွေဟာ အချိန်အနည်းငယ် အတွင်းမှာကိုပဲ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်၊ လုပ်တတ်၊ ကိုင်တတ် ဖြစ်လာကြသူတွေချည်းပါပဲ။ ကျွန်တော်တို့ အလုပ်မှာ ဆိုရင် မြန်မာ ၄ ယောက်၊ မလေးရှားနွယ်ဖွား တရုတ် ၃ ယောက်၊ အင်ဒိုနီးရှားနွယ်ဖွား တရုတ် ၁ ယောက်၊ ဖိလစ်ပိုင် ၁ ယောက်၊ စင်္ကာပူ လူမျိုး ၃ ယောက် ရှိပါတယ်။ မီနီ အာစီယံလို့ ကျွန်တော်တို့ အထွေထွေမန်နေဂျာက နောက်ပြောင် ခေါ်လေ့ ရှိပါတယ်။ အဖွဲ့ ၃ ဖွဲ့ ရှိရာမှာ Business Support ကလွဲလို့ ကျန်တဲ့ ကွန်ပျူတာပရိုဂရမ်မာ အဖွဲ့ ၂ ခုမှာ မြန်မာ ၂ ယောက်က အဖွဲ့ခေါင်းဆောင် နေရာမှာ ရှိပါတယ်။ ကျွန်တော် တွေ့မြင်မိသလောက် လုပ်ငန်းခွင်မှာ မြန်မာ အများစုက ဘယ်လို နေရာမှာ အားနည်းကြသလဲ ဆိုတော့ ဘာသာစကားမှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ အစည်းဝေး ဆွေးနွေးပွဲတွေမှာ ပြောရဲဆိုရဲ မရှိတာ၊ ကိုယ့်စိတ်ကူးစိတ်သန်းကို အထက်လူကြီးနဲ့ ဆန့်ကျင်ပြီး မတင်ပြ၀ံ့တာ စသဖြင့်ပေါ့။ ဒါတွေဟာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ လူ့အဖွဲ့အစည်းနဲ့ ပညာသင်ကြားပုံ စနစ်ရဲ့ အားနည်းချက်တွေကြောင့်ပါ။ တချို့လဲ ပြည်ပရောက်ပြီး မကြာမီ အဲဒီ လိုအပ်ချက်တွေကို ပြင်ဆင်နိုင်လိုက်ကြပါတယ်။ တချို့လဲ ပြင်ဖို့ ကြိုးစားရင်းနဲ့ အဲဒီ သံသရာက မရုန်းထွက်နိုင်ကြသေးပါ။ အဓိက ကတော့ ကောင်းရာကောင်းကျိုး အတွက် ပြောင်းလဲချင်စိတ် ရှိဖို့နဲ့ စိတ်ဓာတ်ခိုင်မာဖို့ ပါပဲ။

တချို့က ကိုယ်တိုင်က မြန်မာဖြစ်ပြီး မြန်မာတွေနဲ့ မပေါင်းချင်ဘူး ဆိုတာမျိုးလည်း ရှိပါတယ်။ ဟုတ်ပြီ။ ဘာလို့ မပေါင်းချင်တာလဲ။ သူတို့က ညံ့လို့လား။ သူတို့က လူမှုရေး နားမလည်လို့လား။ သူတို့က တစ်ကိုယ်ကောင်းဆန်လို့လား။ မေးခွန်းထုတ်ပါ။ အဖြေရှာပါ။ နားလည်မှုပေးပါ။ ညှိနှိုင်းပါ။ ရှင်းပြ ပြောပြပါ။ တစ်ဦးတစ်ယောက်ရဲ့ အားနည်းမှုကြောင့် အများစုက ဒီလိုပါပဲ ဆိုတာမျိုး ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းဖို့ လိုပါတယ်။ နောက်ပြီး မြန်မာဆိုတာ အကျင့်မကောင်းတဲ့သူတွေလို့ အထင်မခံရအောင် ကိုယ်ကျင့်တရား မပျက်ပါစေနဲ့။ ဘယ်နိုင်ငံကိုပဲ ရောက်ရောက် ကျွန်တော်တို့ သွေးသားထဲမှာ မြန်မာဆိုတာ ဖျောက်ဖျက်ပစ်ချင်လဲ မရတဲ့ အရာပါ။ ကျွန်တော်တို့ တတွေ ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ ဗဟုသုတတွေသာမက အမူအကျင့်ကောင်းတွေ၊ အလေ့အထကောင်းတွေကို တချိန်မှာ ကျွန်တော်တို့ နိုင်ငံဆီ၊ ကျွန်တော်တို့ရဲ့ လူမျိုးတွေ ရှိရာဆီ ယူဆောင်နိုင်မယ် တဖန်ပြန်လည် အကျိုးပြုနိုင်မယ် ပြည်တွင်းက ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်နိုင်ကြမယ် ဆိုရင်တော့ မြန်မာဆိုတာ ကမ္ဘာ့အလယ်မှာ မားမားမတ်မတ် ရပ်နေနိုင်မယ့် အချိန်ဟာ မဝေးဘူးလို့ ယုံကြည်ပါတယ်။

ဘယ်နိုင်ငံမှာ ဘာတွေလုပ်လုပ် မြဲမြဲမှတ်ပါ မင်းမြန်မာ။

No comments:

Post a Comment