Friday, 13 April 2012

မြန်မာနှစ်သစ် အတာသင်္ကြန်

နှစ်သစ်အတာသင်္ကြန် ရောက်လာပြန်ပြီတဲ့။ facebookမှာ တက်လာတဲ့သင်္ကြန်ပုံနဲ့ သတင်းတွေကို ကြည့်ရင်း  မြန်မာပြည်ကို လွမ်းမိပြန်တယ်။

ကျွန်မဘဝမှာ ထူးထူးဆန်းဆန်းသင်္ကြန်ရယ်လို့ ကြီးကြီးကျယ်ကျယ် မရှိခဲ့ပေမယ့် မေ့မရတဲ့သင်္ကြန် အမှတ်တရဖြစ်ခဲ့ရတဲ့သင်္ကြန်တွေကတော့ အများကြီးပါ။ တောရွာမှာ ရှင်သန်ကြီးပြင်းလာသူပီပီ ကျွန်မရဲ့အမှတ်တရအများဆုံးသင်္ကြန်က တောရွာမှာပဲရှိခဲ့ပါတယ်။ အဲဒီတုန်းက ငယ်ရွယ်သူပီပီ ဘာအပူအပင်မှမရှိ သူငယ်ချင်းတွေနဲ့အတူ ဘုန်းကြီးကျောင်းတက်လိုက်၊ ရေကစားလိုက်နဲ့ သင်္ကြန်ကိုဖြတ်သန်းခဲ့တယ်။ စပ်စပ်စုစုအရွယ်၊ ရင်ခုန်လှိုက်ဖိုတဲ့အရွယ်၊ ဖျတ်လတ်သွက်လက်တဲ့အရွယ်၊ စားကောင်းသောက်ဝင်တဲ့အရွယ်မို့ နှစ်သစ်အတာသင်္ကြန်ကို ပျော်ရွှင်ကြည်နူးဖွယ်အတိနဲ့ မင်္ဂလာရှိရှိ ဖြတ်သန်းကျော်လွန်ခဲ့တယ်။

တောရွာကနေတဆင့် မြို့ပေါ်ရောက်တော့ တောသင်္ကြန်ရဲ့အနံ့အသက်နဲ့ လုံးဝဆန့်ကျင်တဲ့သင်္ကြန်ကို ကြုံခဲ့တယ်။ စည်းကမ်းတင်းကြပ်လွန်းတဲ့ အဘိုးအဘွားတွေကြောင့် သင်္ကြန်တွင်းအချိန်မှာ အပြင်ထွက်လည်ခွင့်မရတဲ့သင်္ကြန်၊ အိမ်ပေါ်ထပ်ကနေ တူးပို့သံညံတဲ့မြို့ထဲကို ငေးမောခဲ့ရတဲ့သင်္ကြန်၊ သူငယ်ချင်းတွေနဲ့ အတူဆော့ကစားခွင့်မရတဲ့ သင်္ကြန်၊ ဘုရားကျောင်းတက် ရိုးရာမုန့်တွေနဲ့ ဝေးခဲ့တဲ့သင်္ကြန်၊ ဥသြငှက်လို လွမ်းမောဖွယ်သီချင်းတွေသီကြူးရင်း သင်္ကြန်တွေကို အသက်အရွယ် တဖြေးဖြေးကြီးရင့်တဲ့အထိ ဖြတ်သန်းခဲ့တယ်။

တက္ကသိုလ်ပထမနှစ်ရဲ့ ကျောင်းပိတ်ရမှာတော့ မြန်မာနိုင်ငံရဲ့အစည်ကားဆုံးလို့ တင်စားလို့ရနိုင်တဲ့ မန္တလေးသင်္ကြန်ကို ကံကောင်းထောက်မစွာ ကြုံခဲ့ရတယ်။ (၂၅)နှစ်မြောက် ရန်ကုန်တက္ကသိုလ် စိန်ရတုအတွက် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ကျင်းပတော့ ကျွန်မက ပင်ပေါင်ပြိုင်ပွဲအတွက် အထက်မြန်မာပြည်တက္ကသိုလ်များ ကိုယ်စားပြုအဖြစ် တောင်ကြီးတက္ကသိုလ်ကနေ အရွေးခံခဲ့ရတယ်။ ရန်ကုန်မသွားခင် မန္တလေးတက္ကသိုလ်ဝင်းမှာ (၂)ပတ်ကြာ စခန်းသွင်းနေတုန်း မန္တလေးသင်္ကြန်နဲ့ ကြုံခွင့်ရခဲ့တယ်။ အစည်ကားဆုံးသင်္ကြန်အဖြစ် ဘဝမှာပထမဆုံး ကြုံတွေခဲ့ရတဲ့သင်္ကြန်၊ ရောင်စုံအလှတွေနဲ့ ရှုမငြီးတဲ့သင်္ကြန်၊ ပူလောင်လောင် နွေခေါင်ခေါင်မှာ အေးမြစေတဲ့သင်္ကြန်၊ ဘဝမှာပထမဆုံးအကြိမ် မဏ္ဍပ်ကနေ ရေကစားခွင့်ရခဲ့တဲ့သင်္ကြန် ဒီလိုသင်္ကြန်က တစ်သက်မှာတစ်ခါပဲ ကြုံခဲ့ဖူးတာမျိုး အမှတ်ရနေမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အခုအချိန်အခါမှာ ဒီလိုသင်္ကြန်မျိုးနဲ့ ကြုံခဲ့ရင်တောင် အရင်ကလို စိတ်လွတ်လွတ်လပ်လပ်နဲ့ ပျော်နိုင်ပါ့မလားလို့တောင် တွေးမိတယ်။ ဘဝမှာ နုနယ်တဲ့အရွယ်က တန်ဖိုးအရှိဆုံးအချိန်တဲ့။ ခုတော့ အချိန်အခါက စကားပြောခဲ့ပြီလေ....
နိုင်ငံခြားရောက် မြန်မာသင်္ကြန်ကိုတော့ ရိုးရာအစဉ်အလာအရပဲ ကျင်းပနိုင်ခဲ့ကြတယ်။ ပိတောက်မပါတဲ့သင်္ကြန်၊ တစ်နှစ်ပတ်လုံးရဲ့ အညစ်အကြေးကို အတာရေနဲ့ဆေးကြောခွင့် မရတဲ့သင်္ကြန်၊ သတ်မှတ်ထားတဲ့နေရာလေးမှာပဲ ကျင်းပခွင့်ရတဲ့သင်္ကြန်၊ အဝေးရောက်မြန်မာတွေ တွေ့ဆုံကြတဲ့သင်္ကြန်၊ အိမ်ကိုလွမ်းတဲ့သင်္ကြန်... ဒီလိုသင်္ကြန်မျိုးများစွာကို အထီးကျန်ကျန် ကျော်ဖြတ်ခဲ့တယ်။

မြန်မာအတာသင်္ကြန်နဲ့ (၁ဝ)နှစ်ကျော်ကြာဝေးခဲ့ရပြီး (၂ဝဝ၉)ခုနှစ်မှာ အမိမြေကိုနင်း ပိတောက်ရနံ့ကို ရှုရှိုက်ခွင့်ရတဲ့သင်္ကြန်ကိုတော့ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ တာချီလိတ်မြို့ ရိုးရာသင်္ကြန်ကျင်းပပုံက ကျွန်မတစ်ခါမှ မကြုံတွေ့ခဲ့ရဖူးတဲ့ သင်္ကြန်ဖြစ်နေလို့ပါပဲ။ မြန်မာရိုးရာသင်္ကြန်၊ ရှမ်းရိုးရာသင်္ကြန်တဲ့... သဲပုံစေတီသင်္ကြန်၊ ရေချောင်းပွဲတော်သင်္ကြန်၊ မိသားစုသူငယ်ချင်း သိုက်သိုက်ဝန်းဝန်း စည်ကားတဲ့သင်္ကြန်၊ နယ်စပ်ဒေသမို့ အရောင်အသွေးစုံတဲ့သင်္ကြန်အဖြစ် (၁၁)နှစ်ဝေးကွာခဲ့တဲ့ မြန်မာသင်္ကြန်အဖြစ် အမှတ်တရရှိခဲ့တယ်။

(၂ဝ၁ဝ)သင်္ကြန်ကတော့ ကုသိုလ်ယူဖြစ်တဲ့သင်္ကြန်ပါ။ ရေမကစား၊ မဏ္ဍပ်မလည်၊ စတိတ်ရှိုးမကြည့်ဘဲ သင်္ကြန်တွင်း တရားစခန်းဝင်ဖြစ်ခဲ့တဲ့ သင်္ကြန်ဖြစ်တယ်။ ကိုယ်၊ လက်၊ စိတ်ကိုတည်ငြိမ်နိုင်ဖို့၊ တကယ့်တရားအားထုတ်တယ်ဆိုတာ ဘယ်လောက်ခက်ခဲကြောင်းကို သိစေခဲ့တဲ့သင်္ကြန်၊ အပြောနဲ့အညီ လက်တွေ့မှာတကယ်လုပ်နိုင်ဖို့ တော်တော်ကြိုးစားရတဲ့ တကယ်လည်း လုပ်နိုင်သူတွေရှိကြောင်း တွေ့မြင်ခဲ့ရတဲ့သင်္ကြန်၊ ဖြစ်ပြီးရင်ပျက်၊ ဝေဒနာနဲ့တဏှာကြား ဥာဏ်နဲ့ရှုမြင်တတ်ဖို့ သင်ကြားပေးခဲ့တဲ့သင်္ကြန်....ဘဝမှာ ပထမဆုံးတရားထိုင်ခြင်းအလုပ်ကို လုပ်ခဲ့တဲ့သင်္ကြန်အဖြစ် မှတ်မှတ်ရရရှိနေခဲ့တယ်။


ပိတောက်ကြွေလေးတွေလည်း နှစ်သစ်မှာ သူ့အနား ရှိမနေနိုင်သူတစ်ယောက်ကို လွမ်းနေမလား!
လွမ်းတယ် ပိတောက်ရေ....

အခုတော့ သင်္ကြန်ကို အဝေးကလွမ်း၊ အဝေးကဖြတ်သန်း၊ အဝေးကနေ မျှဝေတဲ့ဓာတ်ပုံတွေကို ကြည့်ရှုခံစားရင်း -- နှစ်သစ်တစ်နှစ်အဖြင့် ရောက်လာတဲ့ မြန်မာနှစ်သစ်အတာသင်္ကြန်ကို အမှတ်တရဟောင်းတွေ ပြန်တူးဆွရင်း ကြိုဆိုလိုက်ပါတယ်။

မြန်မာသင်္ကြန်နဲ့ အနီးနေခွင့်ရသူပဲဖြစ်ဖြစ်၊ အဝေးရောက်နေသူပဲဖြစ်ဖြစ် ဒီလိုမင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယမှာ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေကြောင်း၊ ကိုယ်ချစ်တဲ့မိသားစုနဲ့ အတူတကွ ပြုံးပျော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ နှစ်သစ်အတာသင်္ကြန်နဲ့အတူ ပျော်ရွှင်ကြည်နူးခြင်းတွေ ဆတိုးပွားများနိုင်ပါစေ...း)

နိုင်းနိုင်းစနေ

No comments:

Post a Comment