Wednesday 4 April 2012

မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်အုံးမည့် မြန်များအမျိုးသမီးများဘဝ

မလေးရှားအစိုးရ နှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာအုန်းမည့် မြန်မာအမျိုးသမီးများဘ၀ . - ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ်နာဂျစ်နဲ့ မြန်မာပြည်ကဦးသိန်းစိန်အစိုးရ တို့ နေပြည်တော်မှာ စီးပွားရေး ရင်းနှီးမြုပ်နှံမည့် ကိစ္စတွေအပြင် ..မြန်မာပြည်မှ မြန်မာ အမျိုးသမီးများအား မလေးရှားကို အိမ်ဖေါ်အဖြစ်နှင့် အလုပ်လုပ်ကိုင်နိုင် ရန်စေလွှတ်ပေးဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းကို ကျနော်တို့သိရှိ လိုက်ရတဲ့အတွက်....
ကျနော်ဒီစာလေးကို ချက်ခြင်းတင်ပြ လိုက်တာပါ၊ ...မလေးရှားမှာအများဆုံးအိမ်ဖေါ်အလုပ်..တနည်း ...အစေခံ အလုပ်ကို များသောအားဖြင့် တောနေ အင်ဒိုနီးရှားအမျိုးသမီး များနှင့် ဖိလစ်ပိုင် အမျိုးသမီးများသာ လုပ်ကိုင် ကြတာပါ၊ အင်ဒိုအမျိုးသမီးများက အများဆုံးပါ၊ ဘာဖြစ်လို့လည်း ဆိုတော့ ...အင်ဒိုနီးရှားလူမျိုးများရဲ့ စကားဟာ မလေးရှား စကားနဲ့ တူပါတယ်၊အင်ဒိုစကားလဲသက်သက်တော့ရှိပါတယ်။ အင်ဒိုနီးရှားလူမျိုးအားလုံးက မလေးရှားစကားကို .ပြောနိုင်ပါတယ်.. နောက်တချက်က နိုင်ငံချင်းကလည်း နီးပါတယ်။ ကိုးကွယ်ယုံကြည်မှုဘာသာလည်း တူကြပါတယ်၊ အဲဒီလို ဘာသာတူ .စကားတူတဲ့ အင်ဒိုနီးရှား အိမ်ဖေါ်တွေကို မလေးရှား အိမ်ရှင်များက ခဏ ခဏ နှိပ်စက်လို့ ပြသာနာခဏခဏ တက်နေဆဲပါ၊ အဲဒီအတွက် အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေက သူတို့နိုင်ငံသူများ အတွက် ၀င်ရောက် ကူညီမှုတွေ အပြည့်ရှိပါတယ် ဆိုတာတောင်မှ မလေးရှားအိမ် ရှင် တရုတ်အများ စုကတော့ အိမ်ဖေါ်ကို '' ကျွန် '' သဖွယ် ခိုင်းစေရုံသာမက ကိုယ်ထိ လက်ရောက်နှိပ်စက် လျှက်ပါပဲ။ အိမ်ရှင်မှ အိမ်ဖေါ် အား ဓါးနဲ့ မွန်းခြင်းများ၊ မီးပူဖြင့် ကပ်ခြင်းများ၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ ၊နည်းမျိုးစုံ နှိပ်စက်ပါတယ်၊ မလေးတရုတ်လူမျိုးအများစု ဟာ နိုင်ငံခြားသား အလုပ်သမားများ အပေါ်မှာ ရက်ရက်စက်စက် ကိုယ်ချင်းမစာ ခိုင်းလေ့ရှိပါတယ်၊ နောက်ပြီး လစာကိုလည်း တန်ရာတန်ကြေး မပေးပါဘူး၊ ကျနော်တို့ မြန်မာလူမျိုးအများစုဟာ အင်္ဂလိပ်စာစကား အရမ်းအားနည်းကြပါတယ်၊ အဲဒီအတွက် အများကြီးအခက်အခဲ ရှိပါတယ်၊ မလေးနိုင်ငံသုံး မလေးစကားကိုလည်း အင်ဒိုနီးရှားအမျိုးသမီးတွေလို မပြောနိုင် တော့ ပို လို့သာ ဆိုးစရာ အကြောင်းရှိပါတယ်၊ နောက်တချက် ...မြန်မာသံရုံး နဲ့ အင်ဒိုနီးရှား သံရုံးဟာ မိမိနိုင်ငံလူမျိုးတွေကို ကြည့်ရှု စောင့်ရှောက်တဲ့နေရာ မှ မိုး နဲ့မြေ လို အရမ်းကွာပါတယ်၊ အင်ဒိုနီးရှားသံရုံး က သူ့နိုင်ငံသားများ ပစ်စပို့စ် လဲခြင်း၊ ပျောက်လို့ ပစ်စပိုစ့် အသစ်လျှောက်ခြင်းကိစ္စတွေမှာ အရမ်းမြန်ပါတယ်။ ပစ်စပို့စ် ပျောက်လို့ အသစ်လျှောက်ပါက ထူးထူးထွေထွေ သိပ်မပြောရပါ၊ အလွန်ဆုံးကြာရင် တရက် နှစ်ရက် ပါပဲ..ပစ်စပိုစ့်ကြေးသွင်းရငွေကလည်း မလေးရှားရင်းဂစ် ၅၀အောက်ပဲရှိပါတယ်၊ ကျနော်တို့ မြန်မာသံရုံးကတော့ ပစ်စပို့စ် ပျောက်လို့ သွားအကြောင်းကြားရင် မချေမငံဆက်ဆံပါတယ်၊ ပစ်စပိုစ့်ကြေးသွင်းရတဲ့ ငွေ ဟာ မလေးငွေ ရာကျော် ရှိ ပါတယ်.. တခြားနိုင်ငံသံရုံးများမှ ကောက်ခံတဲ့ငွေနဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းများလွန်းတဲ့ငွေပါ.။ ၄င်းအပြင် မည့်သည့်နိုင်ငံမှ မရှိသော၊ မကောက်သော TAX အခွန်ငွေကိုလည်း လက်ရှိဆက်လက် ကောက်ခံနေဆဲပါ၊ များမကြာခင်က ဦးသိန်းစိန်အစိုးရ မှ ကြေငြာလိုက်သော. နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအားလုံး TAX အခွန်ပေးဆောင်ရန်မလိုတော့ကြောင်း ကြေငြာပေးခဲ့ပေမဲ့...မလေးရှားရှိ မြန်မာသံရုံး ကတော့ ၂၀၁၂ ခုနှစ်..ဇန်န၀ါရီလ မှ စ မှာဖြစ်သောကြောင့် ၂၀၁၂ ခုနှစ် မတိုင်ခင် နှစ်များက အကြောင်း အမျိုးမျိုးကြောင့် TAX မဆောင်နိုင်သူများ ယခုအခါ ပစ်စပိုစ့်အသစ်လဲလှယ် ခြင်းများ ဆောင်ရွက် ပေးနေတဲ့အချိန် ဖြစ်တော့ ပတ်စပိုစ့် အသစ်လဲလှယ် လိုသူများအားလုံး TAX အခွန်ကြေးကို ၂၀၁၂ ခုနှစ် မတိုင်ခင်က နှစ်တွေ အားလုံးအတွက် သိမ်းကျုံး ကောက်နေပါတယ်၊ TAX မပေးနိုင်ပါက ပစ်စပိုစ့် မလဲပေးပါဘူး၊ ပစ်စပိုစ့် သက်တမ်း တိုးသူများလည်း ထိုနည်း အတိုင်းပါပဲ... ၂၀၁၂ မတိုင်ခင်က နှစ်တွေအားလုံးကို တွက်ပြီး TAX အခွန်ကောက်ပါတယ်.. TAX အခွန်မပေးနိုင်ပါက ပစ်စပိုစ့် သက်တမ်းလုံးဝ မတိုးပေးပါဘူး၊ လက်ရှိ မြန်မာသံရုံးကတော့ TAX အခွန်ငွေကို မိမိနိုင်ငံသားများ အလုပ်အဆင်ပြေ မပြေ လုံးဝ မစဉ်းစားဘဲ ပျော်ပျော်ကြီးကို ကောက်ခံနေဆဲပါ။ နောက်ပြီး မလေးရှား မှာအလုပ်လာလုပ်သူမှန်သမျှ အားလုံး ဟာ မလေးရှားအစိုးရ ကို အလုပ်လုပ်ခွင့် ပါမစ်.( work permit ) ကြေးလည်း မလေး အစိုးရကို ပေးဆောင်ရပါတယ်၊ ဆိုတော့ မြန်မာနိုင်ငံသားအားလုံးဟာ မလေးအစိုးရကိုလည်း အလုပ်ပါမစ်အတွက် အခွန်ပေး ဆောင်ရ ၊ နောက်တခါ မြန်မာသံရုံး ကိုလည်း ဘယ်နိုင်ငံမှ မကောက်တဲ့ မယူတဲ့ TAX အခွန်ငွေကို ပေးဆောင်နေရတဲ့ အတွက် အခွန်နှစ်ထပ်ပေးဆောင်နေရပါတယ်၊ မလေးရှားမှာ အလုပ်လုပ်လို့ရတဲ့ လစာက အများစုက တလကို မလေးငွေ ရင်းဂစ် ၆၀၀ နဲ့ ၉၀၀ တန်းပဲ ရှိတာမို့ ဘယ်လိုမှ အဆင်မပြေကြပါဘူး၊ မြန်မာပြည်ပြန်ရင် အလုပ်ကမရှိ၊ လာစဉ်က ချေးဌားလာရတဲ့ အကြွေးတွေက ရှိနေတော့ ပြန်လို့မရ ဖြစ်နေတာ အများစုပါပဲ။ အဲဒီအထဲက တချို့သာလျှင် ကိုယ်ပိုင်အလုပ်လေးတွေ ထွင်ပြီး လုပ်နိုင်ကြလို့..တချို့လည်း လုပ်သက်တွေ အရမ်းကြာလာလို့...သာ နေထိုင်နိုင်ကြတာပါ။ နောက်ပြီး မလေးရဲ ကလည်း နိုင်ငံခြားသူအလုပ်သမ များ အလုပ်လုပ်ခွင့် ပါမစ်မရှိရင် ဖမ်းဆီးပြီး လိင် ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ပါတယ်၊ ပါမစ်ရှိရင်တောင်မှ ရဲက နည်းအမျိုးမျိုး .အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်ပါတယ်၊ မပေးရင် ပြသာနာရှာပါတယ်၊ အလုပ်ကအဆင်မပြေ...အလုပ်ကအဆင်ပြေရင်လည်းလစာက အရမ်းနည်း...လစာနည်းရတဲ့ အထဲ မြန်မာသံရုံးကို အခွန်ပေးရ.. မလေးရှားအစိုးရကို ပါမစ်ကြေး အခွန်ပေးရ ဆိုတော့ အဆင်မပြေမှုတွေများ သထက်များလာရင်း နောက်ဆုံးတော့ မြန်မာအမျိုးသမီး တချို့ မလုပ်သင့်တာတွေကို လုပ်မိလျှက်သား ဖြစ်လာရပါတော့တယ်၊ ငွေကြောင့် တခြားနိုင်ငံသားများနှင့် လိင်ကိစ္စတွေ ရှုပ်ရှက်ခပ်ကုန်ပါတော့တယ်၊ အဲဒီအဖြစ်အပျက်အခြေခံ အကြောင်းတရားများဟာ မိမိနိုင်ငံရဲ့ အစိုးရ ညံ့ဖျင်းမှု့၊ မကောင်းလို့ သာ ဖြစ်ပေါ်လာရတဲ့ ပြသာနာတွေသာ ဖြစ်တာမို့ လက်ရှိမြန်မာ အစိုးရ ဆိုသူတွေမှသာ တာဝန်အရှိဆုံးပါ၊ ခုတခါ မြန်မာအမျိုးသမီးများ မလေးရှားကို အိမ်ဖေါ်.. တနည်း.. အိမ်စေ ..အစေခံ ...အနေနဲ့ လွှတ်အုန်းမယ် ဆိုရင်တော့ လက်ရှိအစိုးရက ဘယ်လိုတာဝန်ယူမှာလဲ..? မလေးရှားရှိ မြန်မာသံရုံးကတော့ ပစ်စပိုစ့် ကို အာဏာပိုင် အဖွဲ့အစည်းမဟုတ်တဲ့ ..အေးဂျင့် ..လူပွဲစား က တရားမ၀င် သိမ်းထားတာတောင် ရအောင် ပြန်မတောင်း ပေးနိုင်ပါဘူး၊ ကျနော်တို့ ပစ်စပိုစ့် နောက်ကျောအဖုံးအတွင်းမှာ ...( သတိပြုရန်အချက် ) ဆိုတဲ့ခေါင်းစဉ်အောက်က အတိအလင်း ရေးထည့်ထားတာရှိပါတယ် ...နိုင်ငံခြား တိုင်းပြည်များဆိုင်ရာ အရာရှိများမှ တပါး အခြားမည်သူကမှ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း၊ ဂဏန်းအမှတ်အသားများပြုလုပ်ခြင်း၊ မပြုလုပ်ရ..လို့ ပါရှိပါတယ်။ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ ( လူပွဲစားအေးဂျင့် ) များက တော့ ရောက်လာတဲ့မြန်မာနိုင်ငံသား လူသစ်များကို လေဆိပ်က နေ ဖမ်းပြီးပစ်စပိုစ့်ကို ပစ်စပိုစ့် မှာ အလုပ်လုပ်ခွင့်ပါမစ်ကပ်ရန် အကြောင်းပြ ပြီး တခါတည်း သိမ်းလိုက်ပါတော့တယ်၊ အမှန်မှာမူ နိုင်ငံကူးပစ်စပိုစ့်အား ဥပဒေအရ လူပွဲစားအေးဂျင့် များက သိမ်းခွင့်မရှိသလို ... မြန်မာပြည်တွင်းမှာ လည်း စာချုပ်စဉ်ကတည်း က ပစ်စပိုစ့်ကို လူပွဲစား အေးဂျင့်များက အကြွေးကျန်သူများ အကြွေးမကျေသေးပါက ပစ်စပိုစ့် သိမ်းထားမည်ဟု လည်း စာချုပ်ထဲ ထည့်သွင်း ရေးထားလို့ မရပါဘူး .. ရေးခဲ့ရင်လည်း ဥပဒေအရ အကျုံးမ၀င်ပါဘူး... သို့သော်... မလေးရှားလူပွဲစားအေးဂျင့် များကတော့ ပြောင်ပြောင်တင်းတင်း ပင်ေ၇ာက်စဉ်ကတဲက လေဆိပ်မှာတင် ပစ်စပို့စ်ကို တခါတည်းသိမ်းပါတော့တယ်.၊ အဲဒီပြသာနာများကို မြန်မာသံ ရုံး မှ သိသော်လည်း မျက်နှာပြောင်တိုက်ကာ ဘာမှ မဆောင်ရွက် ပေးခြင်း မရှိဘဲ ရှိနေလျှက်ပါ၊ တခြားပြသာနာတစုံတရာပေါ်ပေါက်ခဲ့လို့ ...မြန်မာသံရုံးသို့ သွားရောက်အကြောင်းကြားခဲ့ရင်လည်း ဘာမှ ဆောင်ရွက်ပေးတာမရှိသလို ..ဘာမှလည်းဆောင်ရွက်နိုင်တာမရှိခဲ့ပါ၊. ကျနော် အင်တာနက် တွင် ..ဗွီအိုအေ မှ ဒေါ်ခင်စိုးဝင်းနှင့် မြန်မာနိုင်ငံခြားေ၇းဝန်ကြီး ဦးဝဏ မောင်လွင် နှင့် အင်တာဗျုးတွင် ..မြန်မာနိုင်ငံခြားရေးဝန်ကြီးက ..သံရုံးအားလုံးအား မြန်မာ နိုင်ငံသားများအား အခက်အခဲ ပြဿနာများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဖြေဆိုခဲ့တာကို ပြန်လည် ကြားယောင်ရင်း ..မလေးရှား သို့ .. မြန်မာအမျိုးသမီးများ အိမ်ဖေါ် ..တနည်း ..အိမ်အစေခံ ..နှင့် အလုပ်လာလုပ် အုန်းမည်ဆိုရင် တော့ ...ကျနော်တို့ မြန်မာ အမျိုးသမီးလေးများ အရေး မတွေးဝံ့စရာ တွေဖြစ်လာတော့ ဧကံဖြစ်ကြောင်း တင်ပြလိုက်ရ ပါတယ်.။ အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီးလေးများကို အင်းဒိုနီးရှားနိုင်ငံမှ မလေးရှားနိုင်ငံတွင် အိမ်ဖော်လုပ်ခွင့်မပြုတော့ကြောင်းသတင်းအတိအကျရထားပါသည်။

No comments:

Post a Comment