Sunday 4 March 2012

ချောင်းဦးမြို့နယ်တွင် ကြက်ကောင်ရေ ၆၀ ခန့်သေဆုံးခဲ့သဖြင့် ကြက်ဥကြက်သား ရောင်းချတင်သွင်းခွင့်များ ပိတ်ပင်ထား

ချောင်းဦးမြို့တွင် ကြက်ကောင်ရေ ၆၀ ခန့် သေဆုံးခဲ့သဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်မှစ၍ ကြက်ဥ၊ ကြက်သားရောင်းချခွင့်၊ တင်သွင်းခွင့်များ ပိတ်ပင်လိုက်ကြောင်း သိရသည်။ ''ချောင်းဦးမြို့ မြောက်ဘက်အထွက်မှာ ကြက်ခြံတွေရှိပြီး ကြက်ခြံ တစ်ခြံကနေ ကြက်ကောင်ရေ ၆၀ လောက် သေဆုံးရာကနေပြီး မသင်္ကာလို့ မန္တလေးမြို့ကိုပို့ပြီး ဓာတ်ခွဲစမ်းသပ်နေတယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၂၅ ရက်ကစပြီး ချောင်းဦးမြို့ပေါ်မှာ ကြက်ဥ၊ ကြက်သားတင်သွင်းခွင့် ရောင်းချခွင့်တွေ ပိတ်ထားတယ်။ သက်ဆိုင်ရာက လာစစ်တော့ အနီးနားက ကြက်ခြံတစ်ခြံမှာလည်း ကြက်တစ်ကောင် သေဆုံးတာကို တွေ့ရတယ်လို့ သိရပါတယ်” ဟု မုံရွာခရိုင် ချောင်းဦးမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။ ယခုအခါတွင် ချောင်းဦးမြို့သို့ အ၀င်အထွက်ရှိသော ဆိုင်ကယ်များ၊ ကားများအား ဇီဝလုံခြုံရေးအတွက် ဆေးဖြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့မဈေး အပါအ၀င် ချောင်းဦးမြို့ တစ်မြို့လုံး၌ ကြက်ဥ၊ ကြက်သား ရောင်းချခြင်းကိုလည်း သက်ဆိုင်ရာမှ တရားဝင် ပိတ်ပင်ထားကြောင်း သိရသည်။ ထို့အပြင် မုံရွာမြို့ အရှေ့မြောက်ဘက်ရှိ ငုံး/ကြက် မွေးမြူရေး အထူးဇုန်၌လည်း ဇီဝလုံခြုံရေးစနစ်များ တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး မုံရွာမြို့နယ်ရှိ ကြက်ခြံများတွင် ကြက်များ အသစ်မွေးမြူမည်၊ ထုတ်ရောင်းမည်ဆိုပါက မြို့နယ် တိ/မွေးကု၌ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment