Monday 12 March 2012

ယမမင်းနှင့် ငရဲခွေးရှာပုံတော် (ကေမြူး)

ယမမင်းနှင့် ငရဲခွေးရှာပုံတော်

၁။
မိမိဇာတိ ငါးလုံးတင် ရွာမှာ မုံရွာ ခရိုင် ချောင်းဦးမြို့နယ် အတွင်း ပါဝင်ပြီး မန္တလေး-မုံရွာ ကားလမ်းပေါ်ရှိ ချောင်းဦးမြို့လေး၏ တောင်ဘက် ၁၀ မိုင်ခန့် အကွာနှင့် ချင်းတွင်း မြစ်ကမ်းရှိ အမြင့် ရှေးဟောင်းမြို့၏ အရှေ့ဘက် ၉ မိုင်ခန့် အကွာတွင် ရှိပါသည်။
ယခု အခါ ချောင်းဦး-ပခုက္ကူ မော်တော်ကား လမ်းနှင့် မီးရထား လမ်းပေါ်တွင် တည် ရှိနေ၍ ချောင်းဦး၊ မုံရွာ၊ မြင်းမူ၊ စစ်ကိုင်းနှင့် မန္တလေးမြို့ များသို့ ဥပဒဟို သွားလာနိုင်ပြီ ဖြစ်ပါသည်။ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် အချိန်ရောက်လျှင် ချင်းတွင်းမြစ်ရေ နှစ်စဉ် လျှံလေ့ ရှိသဖြင့် ရွာ၏ အနောက်ဘက် ခြံစည်းရိုး အထိ မြစ်ရေများ ရောက်ရှိလာ တတ်ပါသည်။

ရွာ၏ အနောက်ဘက် ခြံစည်းရိုးမှ လျှံတက် ရေပြင်ကို ကျော်၍ မျှော်ကြည့်လျှင် အနောက်မြောက် ယွန်းယွန်း၌ ထူးနီ၊ ကျီကုန်းစသည့် ရွာများကို မှုန်ဝါးဝါး တွေ့ရပြီး အနောက်ဘက်ဆီ၌ အမြင့်၊ ငခဲ၊ ရွှေဂူ၊ သောတာပန်စသည့် ချင်းတွင်း မြစ်ကမ်းရှိ ရွာများကို ခပ်ရေးရေး မြင်ရပါသည်။ ဆက်၍ အနောက်တောင် စူးစူးသို့ ငေးမောလျှင်မူ အနိမ့်၊ တော ကျောင်းကြီး၊ တောကျောင်းလေးနှင့် ပရိမ္မစသည့် ချင်းတွင်း မြစ်ဝှမ်းမှ ရွာများကို မှုန်ပျပျ မြင်ရပါသည်။ ရွာ၏ အနောက်ဘက် ခြံစည်းရိုးမှ လျှံတက်ရေပြင်ကို ကျော်၍ မျှော်ကြည့်ရသမျှ မြင်ကွင်းများတွင် အနောက် တောင်စူးစူးရှိ သုံးပန်လှ စေတီတော်ကြီးကို သပ္ပာယ်ကြည်ညို ဖွယ်အထင်ရှားဆုံး ဖူးမြင်နေရပါသည်။

နှစ်စဉ် သီတင်းကျွတ် လဆန်းရက် များတွင် လျှံတက်လာသော ချင်းတွင်း မြစ်ရေများမှာ တဖြည်းဖြည်းစတင် ဆုတ်ခွာ ကျဆင်းလေ့ ရှိပြီး သီတင်းကျွတ် လကုန်ရက်များတွင် လျှံတက်ရေများ ကုန်သွားပါသည်။ လျှံတက်ရေများ ကုန်ဆုံး သွားသည်နှင့် ရွာသူရွာ သားများသည် ရေလွှမ်းသွားသည့် လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုး ရန်ပြင်ဆင်ကြပါသည်။ ရွာ၏ အရှေ့ဘက်ရှိ ရေလွှမ်းမိုးမှု မရှိ၍ မိုးရေကိုသာ အားထား စိုက်ပျိုးရသည့် ယာမြေများထက် ရွာ၏ အနောက်ဘက်ရှိ နှစ်စဉ် ချင်းတွင်းမြစ် ရေလွှမ်းမိုးသည့် လယ်မြေများက သီးနှံထွက် ပိုကောင်းသဖြင့် ရွာသူ ရွာသားများက လယ်မြေများကို ပို၍ အားထားကြသည်။ ရွာနှင့် အလှမ်းဝေးသည့် လယ်မြေများကို ထွန်ယက်စိုက်ပျိုးရန်ရှိ သည့် ရွာသူရွာသားများသည် သွားလာရေး အခက်အခဲကြောင့် လယ်မြေများတွင် ယာယီတဲထိုး နေထိုင်ထွန်ယက် စိုက်ပျိုးကြသည်။ မိမိသည် ငယ်စဉ် ကျောင်းပိတ်ရက်များတွင် ဖခင်နှင့် အစ်ကိုတို့ ယာယီ စခန်းချ ထွန်ယက် စိုက်ပျိုးရာ နတ်ထိန်ပင်ကွင်းသို့ လိုက်ပါနေ ထိုင်ခွင့် ရလေ့ရှိပါသည်။

ဖခင်မှာ ၁၈၉၇ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး ဗြိတိသျှ အစိုးရလက်ထက် ကျေးလက်၌ ဘုန်းတော်ကြီးသင် ပညာရေးသာ ထွန်းကားခဲ့၍ သင်ပုန်းကြီး မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ နမက္ကာရနှင့် ပရိတ်ကြီးစသည့် သင်ရိုးကို သင်ကြား ခွင့်ရခဲ့ပြီး ဇိနတ္တ ဓမ္မပဒနှင့် ငါးရာ့ငါး ဆယ်ဇာတ်တော် စသည်တို့ကို ဖတ်ခဲ့ ရပါသည်။ လွတ်လပ်ရေးရပြီး ကာလ ၁၉၅၀ ပြည့်လွန် နှစ်များတွင် မိမိတို့ ကျောင်းနေစ အရွယ်မှ ရွာ၌ မူလတန်း ကျောင်းဖွင့်လှစ်ခဲ့၍ အစ်ကိုများမှာလည်း ဘုန်းတော်ကြီး ကျောင်း၌သာ ပညာသင်ကြား နိုင်ခဲ့ပါသည်။ ထို့ပြင် အဖေသည် စာဖတ် ၀ါသနာ ထုံသည့် အလျောက် ခေတ်အဆက်ဆက် ထုတ်ဝေသည့် လက်လှမ်းမီရာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ် စာတမ်းများကိုလည်း ဖတ်ရှုလေ့ ရှိပါသည်။ အခါအား လျော်စွာ သူကြီး အပါအ၀င် ရွာလူကြီးများ၊ ရွာကျောင်းမှ ဆရာတော်များ၊ ကျောင်းဆရာများနှင့် မုံရွာ၊ ချောင်းဦး၊ အမြင့် စသည့်မြို့မှ မိတ်ဆွေများနှင့် တွေ့ဆုံ၍ ဖတ်ရှု ရသမျှနှင့် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ကြားသိသမျှကိုလည်း မေးမြန်းဆွေးနွေး မှတ်သားလေ့ ရှိပါသည်။

ထို့ကြောင့် အဖေသည် ကျန်ရွာသူ ရွာသားများထက် ဗဟုသုတ ကြွယ်ဝပြီး လူမှုရေးတွင် ကျယ်ပြန့်စွာ ၀င်ဆံ့ပါသည်။ ညအခါ အလုပ် နားချိန်များတွင် နတ်ထိန်ပင်ကွင်း၌ ယာယီတဲထိုး စခန်းချ နေထိုင်သူများသည် ဖခင်၏တဲသို့ စုဝေး လာကြပြီး ထွေရာလေးပါး ပြောဆိုကြလေ့ ရှိပါသည်။ အစ်ကိုကြီးက ရေနွေး ကြမ်းအိုးကို မပြတ်အောင် တည်ပေး ထားကြပြီး အဆင်ပြေရာ ယူဆောင်လာ ကြသည့် ငှက်ပျောသီး၊ သင်္ဘောသီး၊ ကန်စွန်းဥ၊ ထန်းပင်မြစ်၊ မြေပဲတောင့်၊ ငါးအမျိုးမျိုး၊ လယ်ကြွက်စသည့် နတ်ထိန်ပင် ကွင်းထွက် ပစ္စည်းများကို ခွဲစိတ်ခြင်း၊ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ကင်ခြင်း သင့်သလိုလုပ်၍ ၀ိုင်းဖွဲ့စားကြသည်။

အသက်အရွယ်၊ အတွေ့အကြုံ ရင့်ကျက်ပြီး စာဖတ် အားကောင်းသည့် အဖေသည် ထွေရာလေးပါး စကားဝိုင်းကို ဦးဆောင်ပြောလေ့ ရှိသည်။ ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ ဒုတိယ ကမ္ဘာစစ် ကာလ၊ ပါ လီမန်ခေတ်၊ တော်လှန်ရေး ကောင်စီနှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် စသည်တို့တွင် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ သွားလာရောက်ရှိ နေထိုင်ရာ ဒေသ၏ အကြောင်းချင်းရာ များနှင့် ထင်ရှားသော ရဟန်းတော်နှင့် လူပုဂ်္ဂိုလ်များ အကြောင်းတို့ကို အများဆုံး ပြောလေ့ရှိသည်။ အဖေ ပြောဖန်များ သဖြင့် ကြားသိရသည်များ အနက် အမြင့် ရှေးဟောင်း မြိ့ကြီးနှင့် မိမိတို့ ဒေသမှ ထူးချွန် ထင်ရှားခဲ့ကြသော မင်းလက်ဝါး၊ ဆရာတော် ဦးဝိစာရ၊ သခင်လေးမောင်၊ တိုင်းမင်းကြီး ဦးစိုးတင့်၊ အိုးဝေဦးညို မြနှင့် အရီးတောင်း ဦးကျော်သိန်းတို့ကို ကြီးမားစွာ စိတ်ဝင်စားခဲ့ မိပါသည်။


၂။
အဖေသည် အလုပ် အားလပ်၍ လှည်းလမ်းများ ကောင်းမွန်လျှင် အခါ အားလျော်စွာ စခန်းချရာ နတ်ထိန်ပင် ကွင်းအနီးရှိ ရွာများမှ မိတ်ဆွေများထံသို့ သွားရောက် လည်ပတ်လေ့ ရှိသည်။ ထိုသို့ သွားရောက်လျှင် တစ်ခါတစ်ရံ မိမိအား လိုက်ပါ ခွင့်ပေးပြီး ထိုရွာရှိ စေတီဘုရား၊ ဘုန်းတော်ကြီး ကျောင်းနှင့် ထူးခြားသော နေရာများကို လိုက်လံပြသ တတ်ပါသည်။ ထိုသို့ ဖခင်နှင့် လိုက်ပါခွင့် ရရှိရာမှ ငယ်စဉ်ကပင် မိမိကြီး မားစွာ စိတ်ဝင်စားခဲ့သည့် ရှေးဟောင်း အမြင့် မြို့ကြီးသို့ သုံးကြိမ်တိုင် ရောက်ဖူးခဲ့ပါသည်။ အမြင့်မြို့ကြီးမှာ မျက်မှောက် ကာလတွင် ကျေးရွာကြီး တစ်ရွာသာ ဖြစ်သော်လည်း သာသနာ သက္ကရာဇ် ၂၁၆ ခုနှစ်တွင် သီရိဓမ္မာ သောက မင်းကြီးက စတင် တည်ထောင်ခဲ့သည်ဟု ဆို ကြပါသည်။ ပုဂံခေတ်က ပုဂံ နေပြည်တော်နှင့် အပြိုင် စေတီ ပုထိုးနှင့် ရှေးဟောင်း အဆောက်အအုံ များစွာ တို့နှင့် အတူ ကျုံးမြို့ရိုးနှင့် နန်းတော်စသည် တို့ပါ တည်ရှိခဲ့၍ ဒုတိယ ပုဂံဟုပင် သမုတ်ခဲ့ကြကြောင်း သိရှိရပါသည်။

ထို့ပြင် ကုန်းဘောင်ခေတ်၏ အစည်ကားဆုံး မြို့ကြီး ၁၂ မြို့ အနက်မှ တစ်မြို့ အဖြစ်လည်း ကျော်စော ထင်ရှား ခဲ့ပြီး ပုဂံခေတ်မှ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ အမြင့် မြို့အား မြန်မာဘုရင် အဆက်ဆက်က မြို့စားများ ခန့်ထား အုပ်ချုပ်ခဲ့သည်။ အမြင့်မြို့၏ နောက်ဆုံး မြို့စားမှာ မွန် တိုင်းရင်းသား မင်းကြီး သူရမဟာမင်းခေါင် သမိန်ဗရမ်း ဖြစ်ပြီး မင်းလက်ဝါးဟု လူသိများ ထင်ရှားပါသည်။ မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်တွင် နှစ်ပေါင်း ၃၀ ခန့် အမှုထမ်းခွင့် ရခဲ့ပြီး အင်္ဂလိပ်- မြန်မာ တတိယ စစ်ပွဲတွင် မင်းလှခံတပ်မှ ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ခဲ့သည့် သူရဲကောင်း ဖြစ်သည်။ သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိ သျှအစိုးရက အမှုတော် ထမ်းရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ အမြင့်မြို့မှာပင် နေထိုင်ခေါင်းချ သွားခဲ့သည်။

အဖေသည် အမြင့်ကို သွားတိုင်း မြန်မာ ဆေးဆရာ ဦးကြူ၏ အိမ်မှာပင် တည်းခိုပြီး အမြင့်၊ သောတာပန်စသည့် ရွာနီးချင်း မိတ်ဆွေတို့နှင့် တွေ့ဆုံလေ့ ရှိသည်။ ဦးကြူသည် အဖေ့အား လေးစား ချစ်ခင်ပြီး အစ်ကိုကြီးဟု ခေါ်ကာ မိမိတို့ ရွာသို့ ဆေးဝါး ကုသရန် လာတတ်သည်။ မှတ်မှတ်ရရ ဆယ်တန်း ဖြေပြီးစက အမြင့်ရွာသို့ မိမိနောက်ဆုံး ရောက်ရှိခဲ့သလို ဦးကြူနှင့်လည်း နောက်ဆုံး တွေ့ခဲ့ရခြင်း ဖြစ်သည်။


ထိုစဉ်က ဦးကြူက အမြင့်မှ ရှေးဟောင်းစေတီ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း များကို လိုက်လံပြသရင်း အမြင့်ဒေသ အကြောင်း သိမှတ် ဖွယ်ရာများကို ရှင်းလင်း ပြောပြခဲ့သည်။ ဦးကြူ၏ ပြောပြချက်များ အနက်မှ “ကျန်စစ်သားသည် အနော်ရထာ အမျက်သင့်၍ မိဖုရားပဉ္စ ကလျာဏီကို အမြင့်အနီး ချင်းတွင်းမြစ် ကမ်းရှိ ပရိမ္မရွာသို့ ပို့ထားစဉ်က မွေးဖွား ခဲ့သလို မဏိစန္ဒာ မင်းသမီးနှင့် ယိုးစွပ်၍ အနော်ရထာ အမျက် သင့်စဉ်က အမြင့်မြို့ နှင့် ပတ်ဝန်းကျင်၌ တိမ်းရှောင်ခဲ့ကြောင်း၊ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်၍ ထောင်ဒဏ် သုံးကြိမ်ကျ ခံခဲ့ရပြီး ထောင်အာဏာပိုင် များက ထောင်တွင်း သင်္ကန်းရုံခွင့်နှင့် သိမ်ဝင်ခွင့်ကို ငြင်းပယ်၍ ၁၆၆ ရက် ကြာ အစာငတ်ခံ ဆန့်ကျင်ရင်း ပျံလွန်တော် မူခဲ့သည့် ဆရာတော် ဦးဝိစာရမှာ အမြင့်နှင့် ပရိမ္မကြားရှိ အနိမ့်ရွာ သားဖြစ်ကြောင်း၊ ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အဓိက အခန်းမှ ပါဝင်သည့် တို့ဗမာ အစည်းအရုံး၏ ရှေ့တန်းခေါင်းဆောင် ဂျပန်ခေတ် ဒေါက်တာ ဘမော်အစိုးရ လက်ထက် ကူးသန်း ရောင်းဝယ်ရေးဝန် ကြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ စာနယ်ဇင်း ဆရာနှင့် အမျိုးသား စာပေဆုရ စာရေးဆရာ သခင်လေးမောင်နှင့် တို့ဗမာ အစည်းအရုံး လက်ရုံး တပ်ဖွဲ့ဝင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) တပ်ဖွဲ့ဝင်နှင့် ဂျပန်ခေတ် ပထမအသုတ် ဗိုလ်သင်တန်း သားအဖြစ် လှုပ်ရှားခဲ့သူ မန္တလေး အရီးတောင်း လက်ဖက် လုပ်ငန်းရှင် ဦးကျော်သိန်းတို့မှာ အမြင့် ရွာသားများ ဖြစ်ကြောင်း ပြောသည်ကို ယနေ့ထက်တိုင် မှတ်မိနေဆဲ ရှိသည်။


ထို့နောက် သောတာပန် ရွာဘက်ဆီသို့ လက်ညှိုး ညွှန်၍ ဦးကြူ က “အိုးဝေ ကိုညိုမြလို့ လူသိများသော ဦးသိန်းတင်မှာ သောတာပန် ရွာသားနှင့် တိုင်း မင်းကြီး ဦးစိုးတင့်၏ ညီတော် စပ်ကြောင်းနှင့် ညီအစ်ကိုနှစ် ယောက်စလုံး ထူးချွန်ကြကြောင်း”တို့ ကို ပြောပါသည်။ အဖေက ကိုသိန်းတင်ဟု ခေါ်သော အိုးဝေ ဦးညိုမြသည် တစ်ခါတစ်ရံ မြန်မာနိုင်ငံ အထက်ပိုင်းသို့ လာရောက်လေ့ ရှိပြီး ဦးညိုမြက ဆက်သွယ် အကြောင်း ကြားလာလျှင် အဖေသည် ချိန်းဆိုသည့် အမြင့်၊ မုံရွာနှင့် ချောင်းဦး တစ်နေရာရာသို့ သွားရောက် တွေ့ဆုံလေ့ ရှိပါသည်။


ထိုသို့ တွေ့ဆုံလျှင် တစ်ခါတစ်ရံ နေ့ချင်း ပြန်လာကာ အများ အားဖြင့် နှစ်ရက်၊ သုံးရက် ကြာလေ့ရှိပြီး အဖေ ပြန်လာပါက ဦးညိုမြ၏ လက်ဆောင် စာအုပ်များလည်း ပါလာတတ်ပါသည်။ ထို့ကြောင့် မိမိမှာ ငယ်စဉ်က ပင် အိုးဝေသတင်းစာ၊ အိုးဝေ ဂျာနယ်နှင့် ဦးညိုမြ ရေးသားသည့် စာအုပ် အချို့နှင့် ပွန်းတီးခွင့် ရခဲ့သည်။ ရွာတွင် မူလတန်း ကျောင်းသာရှိ၍ ပညာ ဆက်လက်ဆည်း ပူးရန် ချောင်းဦးနှင့် ရန်ကုန်မြို့များသို့ သွားရောက် နေထိုင်ရမှုနှင့် နိုင်ငံ့ဝန်ထမ်း အဖြစ် ဒေသ အချို့သို့ လှည့်လည် အမှုထမ်းရမှုကြောင့် ဇာတိရွာ၊ ကလေး ဘ၀က ပျော်ရွှင်ရာ နတ်ထိန်ပင်ကွင်း ၀န်းကျင်ကျေးရွာများနှင့် ထိုစာအုပ်များမှာ မိမိနှင့် ကင်းကွာ သွားခဲ့ရသည်။

၃။
ဗြိတိသျှ အစိုးရသည် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ အဖြစ် ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ်တို့ကို ထားရှိပြီး မြန်မာ ကျောင်းသားတို့အား ပညာ သင်ကြားနေ၍ မြန်မာ တိုင်းရင်းသားများက မြန်မာနိုင်ငံ အတွက် သီးသန့် တက္ကသိုလ် တည်ထောင်ပေးရန် အစဉ်တစိုက် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှ အစိုးရသည် မြန်မာတို့၏ တောင်းဆိုမှုကို ရှောင်လွှဲ မရနိုင်တော့၍ ရန်ကုန်ကော လိပ်နှင့် ယုဒသန် ကောလိပ်ကို ပေါင်းပြီး ရန်ကုန် တက္ကသိုလ် အဖြစ် တည်ထောင်ရေး အတွက် ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ရန်ကုန် တက္ကသိုလ် ဥပဒေ မူကြမ်းကို ပြည်သူတို့ ဝေဖန်နိုင်ရန် ထုတ်ပြန် ကြေညာသည်။

မြန်မာတို့သည် တက္ကသိုလ် တည်ထောင်မှုကို လိုလား သော်လည်း ဥပဒေပါ ကန့်သတ်ချက် များကို လက်ခံနိုင်ခြင်း မရှိကြချေ။ အထူးသဖြင့် တက္ကသိုလ်၏ အုပ်ချုပ်ရေးနှင့် သင်ကြားရေးတွင် ဗြိတိသျှ အရာရှိများက ချုပ်ကိုင်ထားမည့် အချက်နှင့် ငွေကြေး ချမ်းသာသူများ နှင့် ဗြိတိသျှ အစိုးရအရာရှိကြီးများ၏ သားသမီးများသာ တက္ကသိုလ်ပညာ သင်ကြားနိုင်ရန် ရည်ရွယ်ထားသော ကျောင်းအိပ်ကျောင်းစား စနစ်သတ် မှတ်ချက်တို့ကို မနှစ်မြို့ကြသဖြင့် လူထု အစည်းအဝေးများ အပါအ၀င် နည်းအမျိုးမျိုးဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုကြသည်။ တောင်းဆိုမှုကို အလေး မထားဘဲ အစိုးရသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန် တက္ကသိုလ်ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

ထို့ကြောင့် ဒီဇင်ဘာလ ၅ ရက် နေ့တွင် ရန်ကုန် ကောလိပ်နှင့် ယုဒသန် ကောလိပ်မှ ကျောင်းသားများက ရန်ကုန် တက္ကသိုလ် ဥပဒေကို ကန့်ကွက် သပိတ် မှောက်ကြသည်။ ကျောင်းသား သပိတ်သည် နိုင်ငံ တစ်ဝန်းရှိ ကျောင်း များသို့ ပျံ့နှံ့သွားကာ ဂျီစီဘီအေ အသင်းကြီး၏ ၀ံသာနု လှုပ်ရှားမှုများနှင့် ဆက်စပ်ပြီး ဗြိတိသျှ အစိုးရ၏ ကိုလိုနီ ပညာရေး စနစ်အစား အမျိုးသား ပညာရေး စနစ်ကို ဖော်ဆောင်ရေးနှင့် ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေးကို ဦးတည်ခဲ့သည်။ ဗြိတိသျှ အစိုးရသည် အကျပ်အတည်း ဖြစ်ခဲ့ရပြီး နောင်တွင် လိုက်လျောရသည့် အပြင် နိုင်ငံ တစ်ဝန်းလုံး၌ အမျိုးသား ကျောင်းများ ပေါ်ထွန်းကာ နိုင်ငံ့ ခေါင်းဆောင်များနှင့် နိုင်ငံ့ သားကောင်းများကို မွေးထုတ်နိုင်ခဲ့သည်။

ရန်ကုန် တက္ကသိုလ်၏ ၁၉၃၅-၃၆ ပညာသင်နှစ်တွင် တက္ကသိုလ် အာဏာပိုင်များသည် ကျောင်းသားများ ဖြစ်သည့် ကိုစိုးမြင့်ကို တာဝန် ရှိသူများနှင့် ဆက်ဆံရာ၌ ဆာ (Sir) မထူးမှု၊ ကိုအောင်မြင့် ကိုကျောက်သင်ပုန်းတွင် ကပ်ထားသည့် ကြော်ငြာ စက္ကူကို ခွာမှု၊ ကိုနုအား စကား ရည်လုပွဲ အမှာစကား၌ တက္ကသိုလ် အာဏာပိုင်များအား ထိပါးပြောဆိုမှုနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်မှုတို့ဖြင့် ကျောင်းမှ ထုတ်ပယ်ခဲ့သည်။

ထို့ပြင် ထိုစဉ်က ကျောင်းသားများသည် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမဂ္ဂဇင်းကို အိုးဝေ မဂ္ဂဇင်းဟု ပြောင်းလဲ ထုတ်ဝေရန် ရှိရာ၌ ပြန်ကြား ရေးမှူး ကိုအောင်ဆန်းနှင့် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ကိုသိန်းတင်တို့က စီစဉ်စိုင်းပြင်း နေကြသည်။ အိုးဝေ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ ကိုအောင်ဆန်း ဖြစ်ပြီး၊ ကိုသိန်းတင်သည် အထက်တန်း ကျောင်းသား ဘ၀တွင် မန္တလေးမြို့မှ အငြိမ့် မင်းသမီး ဒေါင်းယာဉ်ပျံက သီချင်းတစ်ပုဒ် သီဆိုရာ၌ အိုးဝေကို ၇ သံပြောင်း သီဆို သည်ကို စွဲလမ်းပြီး မဂ္ဂဇင်း အမည်ကို အိုးဝေဟု ပြင်ဆင် ပေးခဲ့သည်။ ကိုအောင်ဆန်းနှင့် ကိုသိန်းတင်တို့သည် ရန်ပုံငွေ မလောက်မငဖြင့် ၁၉၃၆ ခုနှစ် အိုးဝေ မဂ္ဂဇင်းကို အချိန်မီအောင် ကြိုးပမ်း ထုတ်ဝေခဲ့ကြသည်။

ပြန်ကြားရေးမှူး ကိုအောင်ဆန်းသည် ဂန္ထလောက မဂ္ဂဇင်းနှင့် ရန်ကုန် တက္ကသိုလ်မဂ္ဂဇင်း တို့တွင် ညိုမြ ကလောင် အမည်ဖြင့် ကလောင် သွေးနေသည့် အိုင်အေ အထက်တန်း ကျောင်းသား ကိုသိန်းတင်၏ အင်္ဂလိပ်-မြန်မာစာပေ လက်ရာများ ကိုနှစ်သက် သဘော ကျနေသူ ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ကိုသိန်းတင်တို့သည် မဂ္ဂဇင်း၏ အမည်ကို အိုးဝေ (သို့မဟုတ်) ဥဒေါင်း၏အသံ (OWAY OR VOICE OF THE PEACOCK) ဟု သုံးစွဲခဲ့ကြသည်။

အိုးဝေ မဂ္ဂဇင်း ဖြန့်ချိလျှင် တက္ကသိုလ် အာဏာပိုင်များသည် မဂ္ဂဇင်း၏ အင်္ဂလိပ်စာ အခန်း ပေးစာ ကဏ္ဍမှ The HELL-HOUND AT LARGE ခေါင်းစဉ်ပါ ဆောင်းပါးကို ဖတ်ရှုပြီး အချို့ မခံချိ မခံသာ ဖြစ်ကြပြီး အချို့ဒေါသ ပွားကြသည်။ ထို့ပြင် ဆောင်းပါးရေးသူ YAMAMIN သည့် ကျောင်းသားဖြစ်သည်ကိုလည်း သိရှိလို၍ နည်းအမျိုးမျိုးဖြင့် စုံစမ်းကြသည်။ ထိုဆောင်းပါးကို ကိုသိန်းတင်မှ တစ်ဆင့် ကိုအောင်ဆန်းက လက်ခံရရှိ ဖော်ပြလိုက်ခြင်း ဖြစ်၍ ရေးသူ အစစ်အမှန်ကို ကိုအောင်ဆန်းနှင့် ကိုသိန်းတင်တို့သာလျှင် သိရှိကြသည်။ အင်္ဂ လိပ်ဘာသာဖြင့် ရေးသား ဖော်ပြရာ၌ စာရေးဆရာ ယမမင်း၏ ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးတွင် အ၀ီစိအာဏာပိုင် (ယမမင်း)၏ ထုတ်ပြန် ကြေညာချက် တစ်ရပ်အဖြစ် နယ်ချဲ့ လက်ကိုင်တုတ် အဖြစ်နှင့် အ၀ီစိကို ကျရောက်လာသော ခွေးနက်ကြီး တစ်ကောင်သည် ငရဲပြည်က လွတ်ပြေး သွားပါသဖြင့် သတိပြုကြရန် လိုအပ် နေပါသည်။

အထူးသဖြင့် တက္ကသိုလ် နယ်မြေတွင် သောင်းကျန်း နေပါသည်။ ထိုငရဲခွေးကြီးကို တွေ့ရှိလျှင် ငရဲပြည်သို့ ဖမ်းဆီးပြန်ပို့ပေးကြရန် ဖြစ်ပါသည်ဟု ဖော်ပြ ထားပါသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာစလော့က တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ခေါ်ယူ၍ ဆောင်းပါးရေးသူ ယမမင်း မည်သည့်ကျောင်းသား ဖြစ်သည်ကို ဖွင့်ပြောရန် တောင်းဆိုသည်။ ကိုအောင်ဆန်းက “စာနယ်ဇင်း အယ်ဒီတာတို့၏ စောင့်စည်းရမည့် ကျင့်ဝတ်အရ ယမမင်း မည်သူ ဆိုသည်ကို ဖွင့်ပြောရန် ငြင်းဆို ပြီး လိုအပ်လျှင် တာဝန်ခံ အယ်ဒီတာကိုသာ အရေးယူရန် တုံ့ပြန် ပြောဆိုခဲ့သည်။

ကိုအောင်ဆန်း၏ ရဲဝံ့ ပြတ်သားသော တုံ့ပြန် ပြောဆိုမှု အတွက် ကျောင်းအုပ်ကြီး မစ္စတာစလော့ အမျက်ရှကာ ကိုအောင်ဆန်းကို ကျောင်းထုတ်ရန် ဆုံးဖြတ် စီစဉ်သည်။ ကျောင်းသားထုက ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် ရန်ကုန် တက္ကသိုလ် အာဏာပိုင် တို့၏ ဖိနှိပ် ချုပ်ချယ်မှုများကို ကန့်ကွက်သည့် ရန်ကုန် တက္ကသိုလ် ဒုတိယ ကျောင်းသား သပိတ်ကို စတင်ခဲ့ကြသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ်မှာ နိုင်ငံတစ်ဝန်း ပျံ့နှံ့ သွားပြီး ရန်ကုန် တက္ကသိုလ်ပထမ ကျောင်းသား သပိတ်၏ ရည်မှန်းချက်နှင့် တောင်းဆိုချက်များ အပြင် အမျိုးသား ပညာရေးစနစ် ဖော်ဆောင်ရေးကို ဆက်လက်တွန်း အားပေးခြင်း၊ တို့ဗမာ အစည်းအရုံး၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုကို တစ်တပ်တစ်အား အထောက်အကူ ပေးခြင်းနှင့် မြန်မာ နိုင်ငံရေးတွင် မျိုးဆက်သစ် ခေါင်းဆောင်များ အားသစ်လောင်း ပေါ်ထွန်းလာခြင်း စသည့် အကျိုးဆက်များ ဖြစ်ထွန်းခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ထုတ်ပယ်ခံခဲ့ရသည့် ကျောင်းသားကိုနုသည် ဖဆပလနှင့် ပထစ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ် အဖြစ်တို့မှ အနားယူချိန် ၁၉၆၈ ခုနှစ် အောက်တို ဘာလ ၅ ရက်နေ့တွင် အိုးဝေဂျာနယ် ၁၉၆၉ သို့ အမှတ်တရစာ (သ၀ဏ်လွှာ) ပေးပို့ရာ၌ ညီလေးညိုမြဟု အစချီ၍ “စာနယ်ဇင်းလုပ်ငန်းဟာ မင်းကို သိပ် အကျိုးပေးတယ်။ ကျောင်းသား ဘ၀က (The Hell Hound at Large) ဆိုတဲ့ ဆောင်းပါးတိုကလေး တစ်ခုတည်းနဲ့ တက္ကသိုလ် လောကမှာ အညတရ ဘ၀ ကနေ ကျော်စော ထင်ရှားတဲ့ ဘ၀ကို မင်းရောက်ခဲ့ရတယ်။ သတင်းစာထောင် ပြန်တော့လည်း မရပ်မနား ရိုက်နေတဲ့ စက်တွေဟာ ကျိုးရတဲ့အထိ မင်း သတင်းစာဟာ လူကြိုက် များခဲ့ရတယ်။

အခု ဂျာနယ်ထုတ်ပြန်တော့လည်း နှိပ်သမျှ ရောင်းမလောက်ဘူးလို့ ကြားရတယ်။ အများကြီး ၀မ်းသာတယ်”ဟု ထည့်သွင်း ရေးသားခဲ့သည်။ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် မော်ကွန်းဝင် ခဲ့သည့် ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးရေးသူ ယမမင်းမှာ စာနယ် ဇင်းများတွင် ညိုမြ ကလောင် အမည်ဖြင့် ကလောင်သွေးနေသော ရန်ကုန် တက္ကသိုလ် အိုင်အေ အထက်တန်း ကျောင်းသား ကိုသိန်းတင် ဖြစ်ကြောင်းကို ထပ်လောင်း အတည်ပြု ပေးလိုက် ခြင်းဖြစ်သည်။


၎။
သတင်းစာဆရာ၊ စာရေးဆရာ ဦးညိုမြက ညိုမြကလောင် အမည်ဖြင့် ၁၉၇၁ ခုနှစ် နိုဝင်ဘာလထုတ် အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင် စာအုပ်တွင် ကျွန်တော် ငရဲခွေး ဆောင်းပါးရေး စဉ်က ဆောင်းပါးကို ရေးသားဖော်ပြ၍ ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါး ရေးသား ဖြစ်ပုံကို အကျယ်တ၀င့် ဖော်ပြထားပါသည်။ ထိုသို့ ရေးသားခဲ့သည့် အနက်မှ “---ပြန်ကြားရေး အဖွဲ့မှာ ကျွန်တော်က ကလောင်ကိုင် (အတွင်း ရေးမှူး)ဖြစ်နေတော့ ရေးစရာ ရှိရင် ကိုယ့်တာဝန်ပဲပေါ့။

ဘယ်သူ့ကိုမှ လွှဲချလို့ မရဘူး။ နှာစေးနေလို့ မဖြစ်ဘူး။ ---အလိုတော်ရိ ကျောင်းသားများကို အခွင့်အရေး ပေးပြီး ရိုးရိုးမှန်မှန် နေသူများ အနှိမ်ခံရ၊ ဒဏ်ရိုက်ခံရ ဆိုတဲ့ ကိစ္စမျိုးတွေက မခံချင်စရာ မကြာခဏပေါ် ပေါက်နေတယ်။ ---ကျောင်းမှာ ခပ်အေးအေး စာကျက်ဖို့၊ စာသင်ဖို့ စိတ်ရင်းကောင်းနဲ့ လာသူတွေဟာ ဆရာ ၀တ်၊ တပည့်ဝတ် ကျေပွန်ကြတဲ့ ရင်းရင်းနှီးနှီး မေတ္တာ စေတနာလောကမျိုး မတွေ့ရဘဲ သခင်နှင့်ကျွန် ဆက်ဆံရေးတွေ၊ မမျှော်လင့်ဘဲ ကသိကအောက် တွေသာ ကြုံတွေ့နေတယ်။ အာဏာပိုင် အဖွဲ့မှာ ပါဝင်တဲ့မြန်မာများကလည်း ပြေလည်ရေးကို အားမပေးဘဲ ကိုယ့် အမျိုးသား တပည့် လူငယ်များကို ရန် လုပ်ဖို့၊ အရေးယူဖို့၊ ချောက်တွန်းဖို့ စိတ်ထားမျိုးသာ အံ့သြစရာ ကြုံတွေ့နေရ တယ်။ တက္ကသိုလ် နယ်မြေဟာ (တက္က သီလာအေးရိပ်သာ) ဒေသမျိုး မဟုတ်တော့ဘဲ ဖုတ်၊ ပြိတ္တာများ ကြီးစိုးရာ တစ္ဆေရွာ၊ ကျတ်ရွာ ဖြစ်လာတယ်။ “နတ်ဒေ၀ါများက သူတို့ အလိုမရှိသူ များကို ဖျက်ဆီးချင်သော အခါ ပထမ အဆင့် အနေဖြင့် ထိုသူများကို ရူးအောင် လုပ်၏”တဲ့။

တက္ကသိုလ် အာဏာပိုင်များကို တန်ပြန် တိုက်ပွဲဆင်ဖို့ ဆုံးဖြတ်မိ ချိန်မှာ ကျွန်တော်ဟာ အထက်ပါ ထိုး နှက်နည်းကို သတိရမိတယ်။ အာဏာ ပိုင်များဒေါသထွက်ပြီး အလွဲလွဲ အချော်ချော်တွေ လုပ်မိကုန်အောင်၊ အိုးနင်းခွက်နင်း ဖြစ်ကုန်အောင် ခပ်ရိုင်းရိုင်း စာပေမျိုး အိုးဝေ မဂ္ဂဇင်းမှာ ရေးပြီး အုပ်ထည့် လိုက်မှပဲလို့ သဘော ပိုက်မိတယ်။ ခါတိုင်း ကျွန်တော်ရေးသမျှ စာတိုပေစကို နီးစပ်ရာ ဆရာသမားများ၊ မိတ်ဆွေ များ၊ သူငယ်ချင်းများကို ပြသတိုင်ပင် လေ့ရှိသော်လည်း ငရဲခွေးကြီး ဆောင်း ပါးကိုတော့ ဘယ်သူ့မှ မတိုင်ပင်တော့၊ မပြောတော့ဘူး။ သန်းခေါင်ကျော်မှာ အခန်းတံခါး ပိတ်ပြီး ရေးတယ်။

နောက် တစ်နေ့မှာ စာပုံနှိပ်တိုက်ကို ပို့လိုက် တယ်။ ကိုအောင်ဆန်းလည်း ပုံနှိပ်တိုက် ရောက်လာပြီး အဲဒီစာကို အလွယ်တကူ ခွင့်ပြု လိုက်တယ်။ ---ကိုနုက သူ့ကို ကျောင်းထုတ်တော့ ဘယ်သူ့ကိုမှ ကယ်ပါ၊ ယူပါလို့ အကူအညီ မတောင်း ခဲ့ပါဘူး။ ---ကျွန်တော်က ငရဲခွေး ဆောင်းပါးနှင့် အာဏာပိုင်များ၏ ပျော့ကွက်ကို ရှာပြီး ပြန်လည် ထိုးနှက်တော့လည်း ဘယ်သူ့ကိုမှ သေဖော်မညှိပါ ဘူး။ ဒီကိစ္စက အန္တရာယ်ရှိပြီး ကျောင်း ထုတ်ခံရဖို့ များလို့ အယ်ဒီတာ ကိုအောင် ဆန်းကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေး ဘဲ ရေးထည့်ခြင်း ဖြစ်တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုအောင်ဆန်းက “ကိုယ့် လူ အေးအေးနေပါ”လို့ ကျွန်တော့်ကို တစ်ခွန်းတည်း ပြောခဲ့ဖူးတယ်။ ကျောင်း အုပ်ကြီးနဲ့ ရင်ဆိုင်စရာတွေကို သူ့ဘာသာသူ တစ်ယောက်တည်း ကြည့်လုပ် သွားတယ်။ --ငရဲခွေးကြီး စာတို ကလေးဟာ အတော်ပဲ ကြမ်းပါတယ်။ ကြမ်းတာကလည်း အထက်ပါ ဆရာကြီး ယူဒီပီးရီး(ရှေးခေတ် ဂရိတ် ပြည်မှ ပြဇာတ် စာရေးဆရာကြီး)ရဲ့ ဆောင်ပုဒ်ကို မှတ်ဖွယ်စာပေ အဖြစ် သာမက စစ်ပရိယာယ်တစ်ခု အနေနဲ့ အသုံး ပြုလိုက်ရခြင်းကြောင့် ဖြစ်ပါတယ်။

ဒီ ဆောင်းပါးဟာ ညစ်ညမ်းချက်ပါစေ ကာမူ လက်ရှိ အခြေအနေနှင့် ကိုက်ညီတယ်။ ရေးတာ နည်းသေးတယ်လို့ အင်းလျားဆောင် ကျောင်းသူများက မှတ်ချက်ချခဲ့တယ်။ အဲဒီ ဆောင်းပါး တိုကလေးကို ရန်ကုန်နှင့် မန္တလေး ကျောင်းသားများက ဟိုတုန်းက အန္တရာယ်ကင်း ဂါထာ တစ်ခုလို အရ ကျက်မှတ် ရွတ်ဆိုသူများ ရှိခဲ့တယ်။

---တစ်နေ့ ပခုက္ကူ အမတ်ဟောင်း ဦးညွန့်က အဲဒီကျွန်တော့် လက်ရာကို အိုးဝေ ဂျာနယ်မှာ ထပ်မံ ပုံနှိပ်ပေးပါလို့ အမှာစာ ပေးပို့တယ်။ ကျွန်တော်က မလိုက် လျောလိုပါ။ တစ်ချိန်က မလွှဲမရှောင် သာလို့ ရေးခဲ့ရတဲ့ အကြမ်းစာပေ ဖြစ်ပါတယ်။ အနုစာပေ မဟုတ်တော့ပါ။ ဆူးနဲ့ မာလာ ဆိုသလို ပဒိုင်းသီး စာပေမျိုး ဖြစ်ပါတယ်”ဟု ပြန်ပြောင်းဖွင့်ဟသုံး သပ်ပြထားပုံကို တွေ့ရသည်။

ဦးညိုမြသည် ငရဲ ခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါး တောင်းဆိုမှု အတွက် ပခုက္ကူ အမတ်ဟောင်း ဦးညွန့်နည်းတူ အဖေ့တောင်းဆိုမှု ကိုလည်း ငြင်းပယ်ခဲ့ဖူးကြောင်း အဖေက ပြောပြဖူးပါသည်။ အဖေ့ပြောပြ ချက်အရ “အဖေ၏ မိဘများ (မိမိတို့၏ အဘိုးအဘွားများ)နှင့် ဦးညိုမြ၏ မိဘများမှာ ထဲထဲဝင်ဝင် ဆက်ဆံဝင် ထွက်သွားလာခဲ့ကြ၍ ငယ်စဉ်ကလေး ဘ၀ကပင် အဖေနှင့် ဦးညိုမြတို့သည် ဆွေရင်းမျိုးချာပမာ ချစ်ခင်ခဲ့ကြ ကြောင်း၊ ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးမှာ သမိုင်းဝင်စာတစ် ပုဒ်ဖြစ်၍ ကိုယ်တိုင် အင်္ဂလိပ်စာမဖတ် တတ်သော်လည်း မြင်ဖူး တွေ့ဖူးလိုကြောင်း၊ သားသမီးနှင့် မြေးများကိုလည်း ပြသလိုပြီး အင်္ဂလိပ်စာတတ် လျှင် ဖတ်ကြစေလိုကြောင်း၊ စကားစပ် မိ၍ တောင်းဆိုတိုင်း ဦးညိုမြက ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ထုတ်ဝေသည့် ငရဲခွေးကြီး လွတ်ပြေးနေသည် ဆောင်း ပါးပါဝင်သည့် အိုးဝေ မဂ္ဂဇင်း လက်ဝယ် မရှိတော့ဟုသာ ဖြေဆိုလေ့ရှိ ကြောင်း”တို့ကို သိခွင့် ရထားပါသည်။ ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါး ရေးစဉ်က ဆောင်းပါးကို ဖတ်မိလျှင် ပခုက္ကူ အမတ်ဟောင်း ဦးညွန့်နှင့် အဖေတို့၏ တောင်းဆိုမှု အပေါ် ဦးညို မြ၏ ငြင်းပယ်မှုကို မိမိ နားလည်မိပါသည်။

သို့သော် အဖေသည် ငရဲခွေး ကြီး လွတ်ပြေးနေသည် ဆောင်းပါးရရှိ ရေးတွင် ဇွဲမလျှော့သေးဘဲ မိမိနှင့် တစ်ခါတစ်ရံ တွေ့ဆုံတိုင်းပင် မူရင်း သို့မဟုတ် ပြန်လည် ဖော်ပြသည့် စာအုပ်နှင့် စာနယ်ဇင်း တွေ့လျှင် ၀ယ်ပို့ပေးရန် မှာကြားလေ့ ရှိသည်။

၅။
မိမိသည် စာပေ၀ါသနာ ထုံသည့် အလျောက် အားလပ်ချိန်ရသည်နှင့် လက်လှမ်းမီရာ စာအုပ်ဆိုင်များ၌ အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများနှင့် လတ်တလော ထုတ်ဝေသည့် သုတရသ စာအုပ်များကို ကြည့်ရှု လေ့လာလေ့ ရှိပါသည်။ ထို့ပြင် ပန်းဆိုးတန်း၊ ကုန်သည်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် လမ်း ၃၀ ၀န်းကျင် စာအုပ် အဟောင်းဆိုင် များသို့လည်း အခါ အားလျော်စွာ ငေးမောမွှေနှောက်လေ့ ရှိပါသည်။ ထိုသို့ စာအုပ်ဆိုင်များသို့ ရောက်တိုင်းလိုပင် အဖေနှင့် တွေ့တိုင်း အတန်တန် မှာကြားလေ့ ရှိသော ငရဲ ခွေးကြီး လွတ်ပြေးနေသည် ဆောင်းပါးကို သတိတရ စူးစမ်းရှာဖွေမိသော် လည်း စာအုပ်ဟောင်းများတွင်ရော၊ စာအုပ်သစ်များတွင်ပါ မတွေ့ဘဲ ရှိခဲ့သည်။

အရွယ် ရလာသည်နှင့် အမျှ ဇာတိ ငါးလုံးတင်ရွာတွင် အလယ်တန်းနှင့် အထက်တန်းကျောင်း သားဘ၀ ဖြတ်သန်းခဲ့ရာ ချောင်းဦးမြို့လေးတို့တွင် ငယ်စဉ်က သွားလာ လှုပ်ရှားခဲ့ပုံများကို ပို၍ သတိရနေမိသည်။ အထူး သဖြင့် နတ်ထိန်ပင်ကွင်းတွင် ယာယီ စခန်းချစဉ် အတွင်း အမြင့်၊ ငခဲ၊ ရွှေဂူ၊ သောတာပန် စသော ရွာများသို့ အဖေနှင့် အတူ သွားရောက် လည်ပတ်ရပုံများကို တွေးမိလျှင် ယခုတိုင် ပျော်ရွှင်နေဆဲရှိသည်။ ထို့ကြောင့် လာမည့် သင်္ကြန်ရက်ရှည် အားလပ်ရက်များတွင် သွားရောက် လည်ပတ်ရန်လည်း ကြံစည် အားခဲနေမိသည်။ ထိုသို့ ကြံစည်အားခဲနေစဉ်အတွင်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကုန်သည်လမ်း ပလက်ဖောင်း စာအုပ် အဟောင်းဆိုင် တစ်ဆိုင်မှ ပါတော်မူ ရာပြည့်နှင့် စာမော်ကွန်း(၁၉၈၆ ဧပြီလ)စာစောင်ကို ၀ယ်ယူ ဖြစ်ခဲ့သည်။

ထိုစာစောင်မှ ပါတော်မူနေ့နှင့် စပ်လျဉ်းသည့် ဆောင်းပါးများ ဖတ်ပြီးချိန်တွင် ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါး ရေးသားစဉ်က ဆောင်းပါး ပြန်လည်ဆန်းသစ် ဖော်ပြထား၍ ကျေနပ်အားရစွာပင် ဖတ်ရှုဖြစ်ခဲ့သည်။ တစ် ဆက်တည်း ဆယ်စုနှစ်ပေါင်းများစွာ မိမိရှာဖွေနေသော အိုးဝေမဂ္ဂဇင်း(၁၉၃၆) အင်္ဂလိပ်စာ ကဏ္ဍမှ The Hell-Hound At Large ဆောင်းပါးကိုလည်း မမျှော်လင့်ဘဲ ပြန်လည် ဖော်ပြထားသည်ကို တအံ့တသြ တွေ့လိုက်ရပြီး ထိုဆောင်းပါးကို အတန်တန် မှာလေ့ရှိသော အဖေ့ကို ချက်ချင်း သတိရလိုက်သည်။

သို့သော် ဆောင်းပါးရှင် ယမ မင်း(ညိုမြ)မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ အသက် ၇၂ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည့် နည်းတူ အဖေသည်လည်း ၁၉၉၇ ခုနှစ် အောက်တိုဘာ လ ၂၀ ရက်နေ့ အသက် ၁၀၁ နှစ်အရွယ်တွင် ငါးလုံးတင် ရွာ၌ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါသည်။ The Hell-Hound At Large ဆောင်းပါးအား အဖေ့ကို မပြနိုင်တော့သော်လည်း အဖေ ရည်ရွယ်သည့် အတိုင်း သား၊ သမီးနှင့် မြေးများကို သာမက မြစ်များနှင့် မျိုးဆက်သစ်များကိုပါ ပြသနိုင်ပါလိမ့် မည်။
ကေမြူး
ညှိနှိုင်းကိုးကားမှု
၁။ ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါးရေးစဉ်က (အိုးဝေရွှေရတု သဘင် လက်ရွေးစင်စာအုပ်)
၂။ မောင်မြဟန်(မဟာဝိဇ္ဇာ) ကိုလိုနီခေတ် မြန်မာ့ သမိုင်းအဘိဓာန်
၃။ မောင်မောင်ချစ်ဦး(မုံရွာ) ရှေးဟောင်းအမြင့်မြို့
၎။ ရာပြည့်ဦးစိုးညွန့်
၂၀ ရာစုမြန်မာစာရေးဆရာ ၁၀၀
၅။The Hell-Hound At Large (အိုးဝေမဂ္ဂဇင်း ၁၉၃၆)

ကေမြူး
---------------------

ညိုမြ(၁၉၁၄-၁၉၈၅)
မုံရွာခရိုင် ချောင်းဦးမြို့နယ်သော တာပန်ရွာ၌ မင်းတိုင်ပင် အမတ် အမိန့်တော်ရ ရှေ့နေ ဦးသာဇံနှင့် ဒေါ်အံ့တို့က ၁၉၁၄ ခုနှစ်တွင် မွေးဖွား၍ ငယ်နာမည် မောင်သိန်းတင် ဖြစ်သည်။ ရွှေဂူရွာ ဆရာလှိုင်ကျောင်း၊ ကြက်သွန်ဈေးရွာ ဆရာတော် ဦးဉာဏ ကျောင်း၊ မုံရွာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းနှင့် မန္တလေး ကယ်လီ ကျောင်းတို့တွင် ပညာ သင်ကြားခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် မုံရွာ ဗုဒ္ဓဘာသာ ကျောင်းမှ ဆယ်တန်းအောင်သည်။

၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ခဲ့ရာ ၁၉၃၈ ခုနှစ်တွင် ၀ိဇ္ဇာ(အင်္ဂလိပ်စာ ဂုဏ်ထူးတန်း)ဘွဲ့ရပြီးနောက် အမေရိ ကန်ပြည်ထောင်စု အီဗာဆင်မြို့ နော့သ်ဝက်စ်တင်း တက္ကသိုလ်၌ ဆက်လက် ပညာ သင်ယူခဲ့ရာ ၁၉၄၃ ခုနှစ်တွင် မဟာသိပံ္ပ (သတင်းစာပညာ) ဘွဲ့ရသည်။

၁၉၃၃ ခုနှစ်မှ စတင်၍ ညိုမြကလောင် အမည်ဖြင့် ရန်ကုန် တက္ကသိုလ် မဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်းနှင့် ဂန္ထလောက မဂ္ဂဇင်းတို့တွင် ၀တ္ထု၊ ကဗျာ၊ စာတမ်း၊ ဆောင်းပါးတို့ကို အင်္ဂလိပ်၊ မြန်မာနှစ် ဘာသာသုံးစွဲရေးသားခဲ့သည်။ ၁၉၃၅-၃၈ ခုနှစ်တွင် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ တာဝန်ယူခဲ့သည်။ အမေရိကန် နိုင်ငံ၌ ၁၉၄၂ မှ ၁၉၄၄ ခုနှစ်အထိ ယေးတက္ကသိုလ် မြန်မာစာနည်းပြဆရာ၊ မြန်မာဘာသာစစ်သတင်းကြေညာသူ၊ မြန်မာ့ သတင်းစဉ်ထုတ် ဝေသူနှင့် ၀ါရှင်တန်ဒီစီ မြန်မာ့ရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၌ ၁၉၄၄ မှ ၁၉၄၅ ခုနှစ် အထိ လီဒိုမြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှူး အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ကာ နုတ်ထွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

၁၉၄၆ ခုနှစ်တွင် အိုးဝေ သတင်းစာနှင့် ၁၉၆၈ ခုနှစ်တွင် အိုးဝေဂျာနယ်တို့ကို တည်း ဖြတ်ထုတ်ဝေပြီး ၁၉၄၆ ခုနှစ်မှစတင်၍ ညိုမြအပြင် ဘုန်းကြီး ကျောင်းသား မောင်သုမန ကလောင်အမည်ပါ ခံယူရေးသားခဲ့ သည်။ ၁၉၅၇-၅၈ ခုနှစ်တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဥက္ကဋ္ဌနှင့် ၁၉၆၀ ပြည့်နှစ်တွင် မုံရွာမြို့နယ် ပါလီမန် အမတ်တာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ စာနယ်ဇင်းလုပ်ငန်း အပါအ၀င် တာဝန် အမျိုးမျိုးဖြင့် အာရှနှင့် ဥရောပတိုက်မှ နိုင်ငံ ၂၀ ခန့်သို့ သွားရောက်ခဲ့သည်။

နန်းကြာညို၊ ညိုမြစာစု၊ တရုတ်နှင့် ရုရှား အကွဲတော်ပုံ၊ တကိုယ်တော်၊ ဘိန်းဋီကာ၊ ရွှေလမ်းငွေလမ်း မြန်မာ-အမေရိ ကန် ဆက်ဆံမှုမှတ်တမ်း၊ ကုန်းဘောင်ရှာပုံတော်၊ ဤမိုးဤမြေ ၁ နှင့် ၂ စာအုပ်တို့မှာ ထင်ရှားသည်။ ၁၉၄၇ ခုနှစ်တွင် ဒေါ်ခင်သန်းနွယ်နှင့်လက်ထပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ အသက် ၇၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သည်အထိ ကလောင်အမည် (ဦး)ညိုမြက နာမည်ရင်း (ဦး)သိန်းတင်ကို ထူးခြားစွာ ဖုံးလွှမ်းသွားသည်။

No comments:

Post a Comment